Skip to main content

ရင်းနှီးမြှုပ်နှံသူများအတွက် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကျင်းပ

 နေပြည်တော်    ဇန်နဝါရီ     ၅ 

ရင်းနှီးမြှုပ်နှံသူများအတွက် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် (DICA Online Solution - DOSo)ကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်  ရင်းနှီးမြှုပ်နှံ မှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မြန်မာ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်လျက်ရှိကြသည့် ရင်းနှီးမြှုပ်နှံသူများက သက်ဆိုင်ရာဌာန အဖွဲ့ အစည်းများ၏ တာဝန်ရှိသူများနှင့် ဆွေးနွေးမေးမြန်း၍ အကြံဉာဏ်ယူခြင်းနှင့် ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ အကူအညီ ရယူလိုသည့်  ကိစ္စများအတွက်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များကို စုံစမ်းမေးမြန်းမှုများကိုလည်းကောင်း လူကိုယ်တိုင် လာရောက်စရာမလိုဘဲ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက် ထားသည့် ဝန်ဆောင်မှု စနစ် (DICA Online Solution - DOSo) ကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ DOSo စနစ် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။         

ဆက်လက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မိမိကဏ္ဍနယ်ပယ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရေး အတွက်ညှိနှိုင်းဆွေးနွေးကြသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်က DOSo စနစ်အား ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်း၍ အကြံပြုကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)