နေပြည်တော် ဇန်နဝါရီ ၅
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်အတွင်း ဦးစားပေး မြှင့်တင်မည့်ကဏ္ဍများတွင် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖိတ်ခေါ်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို အလေးထား၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူ၏ လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်များ၊ ကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက် များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားပြီး အစည်းအဝေးမှ နေပြည်တော်ဒေသအတွင်း အလုပ်အကိုင်အခွင့် အလမ်းများစွာ ဖန်တီးပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုမိန့်ထုတ်ပေးရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)