Skip to main content

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး အားလုံးအတူတကွသန္နိဋ္ဌာန်ပြု

"နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးဆုံးရှုံးရန် အတွက် ရက်ပိုင်းလပိုင်းမျှသာပေးဆပ်ခဲ့ရပါသည်။ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေးဆုံးရှုံးရသည်ထက် ကြီးမားသည့် ဆုံးရှုံးမှုမရှိသောကြောင့် မိမိတို့နိုင်ငံ၏အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးအတွက် နိုင်ငံသားအားလုံးတို့တွင် ထိန်းသိမ်းစောင့်ရှောက်ရန် အပြည့်အဝ တာဝန်ရှိပါသည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့သည် ရှေးပဝေသဏီကာလကပင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်တွင်ဝင့်ထည်စွာ စည်းလုံးညီညွတ်စွာ စုပေါင်းနေထိုင် ခဲ့ကြသည်။ သို့ရာတွင် ကမ္ဘာတစ်ဝန်း၌ လွှမ်းမိုးကြီးစိုးလာသော ကိုလိုနီစနစ်ဆိုးကြောင့် မြန်မာနိုင်ငံသည်လည်း အချို့ နိုင်ငံများနည်းတူ (၁၉)ရာစုနှောင်းပိုင်းမှစ၍ ကိုလိုနီနယ်ချဲ့တို့၏ မတရား ကျူးကျော်သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ သူ့ကျွန်အဖြစ် နွံနစ်မခံလိုသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့တို့ကို သက်စွန့်ကြိုးပမ်း တွန်းလှန်တိုက်ခိုက်ပြီး ဆုံးရှုံးခဲ့သော လွတ်လပ်ရေးကို ပြန်လည်ရယူခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ နယ်ချဲ့တို့၏ နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ်ခဲ့သည့် တောင်တန်း၊ မြေပြန့် သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် တိုင်းရင်းသား အချင်းချင်း၊ ညီအစ်ကိုမောင်နှမ အချင်းချင်းတို့ တွင် ယုံကြည်မှုလျော့နည်းခဲ့ပြီး သံသယစိတ်များဖြင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လာကာ ပြည်တွင်း ငြိမ်းချမ်းရေးအား ထိပါးလာခဲ့သည်။ နိုင်ငံအတွင်းရှိနိုင်ငံရေးပါတီများ သဘောထားကွဲလွဲမှု၊ စည်းလုံးညီညွတ်မှု လျော့နည်းမှု၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ အုပ်စုစွဲ၊ လူပုဂ္ဂိုလ်စွဲ များကြောင့် လက်နက်ကိုင်ပဋိပက္ခ၊ အကြမ်းဖက် တိုက်ခိုက်မှုများအထိ ဖြစ်ပေါ်လာခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည်မှ ကာလ တစ်လျှောက်လုံး ပဋိပက္ခများကိုသာ ဖြေရှင်းနေရသဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများသည် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်နေသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံသည် လွတ်လပ်ရေးဆုံးရှုံးရန်အတွက် အချိန်ကာလ အတိုင်းအတာတစ်ခုမျှကြာပြီး လွတ်လပ်ရေး ပြန်လည် ရရှိရန်အတွက် တိုင်းရင်းသားပြည်သူများ၏ ဘဝများစွာပေးဆပ်၍ အချိန်ကာလကြာ မြင့်စွာ ကြိုးပမ်းခဲ့ရသည်ကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ လွတ်လပ်ရေးရရှိသော်လည်း လွတ်လပ်ရေးနှင့်မထိုက်တန်သည့် ဘဝများဖြစ်ပေါ်လာအောင် အလွယ်တကူ ပြုလုပ်နိုင်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ် သည်။ လွတ်လပ်ရေးနှင့် ထိုက်တန်သောဘဝ၊ လွတ်လပ်ရေးနှင့်တူတန်သောဘ၀၊ လွတ်လပ်ရေးအသီးအပွင့်များကို ပြည်သူအားလုံး အပြည့်အ၀ခံစားနိုင်အောင် ကြိုးပမ်းအားထုတ်ရသည့်ဘဝများမှာ ဆုံးရှုံးသွားသော လွတ်လပ်ရေးကိုပြန်လည် ရယူရသကဲ့သို့ ခက်ခဲနက်နဲနေသည်ကို တွေ့ရမည်ဖြစ်သည်။ လွတ်လပ်ရေးဆုံးရှုံးရန် ကိုလိုနီနယ်ချဲ့တို့က ပြုလုပ်ခဲ့ပြီး လွတ်လပ်ရေးနှင့်မတူမ တန်ပြိုကွဲပျက်စီးစေရန် ကိုလိုနီလက်ဝေခံများက ပြုလုပ်နေကြသည်ကို တိုင်းရင်းသားပြည်သူအားလုံး သတိမူမိကြရန်လိုအပ်ပေသည်။

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ကိုလိုနီနယ်ချဲ့စနစ်ဆိုး၏ ခါးသီးသော အတိတ်သမိုင်းအတွေ့ အကြုံများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံကို လွတ်လပ်ရေးနှင့်တူတန်အောင် သယ်ပိုးထမ်းရွက်ရာ၌ ကိုလိုနီနယ်ချဲ့လက်သစ်တို့၏ သွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးမှုများ၊ စွက်ဖက်ခြေရုပ်မှုများကို အထူး သတိပြုရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံကို နယ်ချဲ့ခဲ့ကြသည့် နိုင်ငံတစ်နိုင်ငံအနက် တိုင်းပြည်ကြေမွ ပျက်စီးခဲ့ရသည်ကို ကိုယ်ချင်းစာသောနိုင်ငံက စာနာထောက်ထား ကူညီခဲ့ကြသည်များရှိသော်လည်း တိုင်းပြည်ကို နှစ်ပေါင်းများစွာ ကျွန်ပြုသွေးစုပ် အမြတ်ထုတ်ခဲ့သော်လည်း ယနေ့ထက်တိုင် တိုင်းပြည်ကို ပျက်စီးစေလိုသော ကိုလိုနီအပေါင်းပါနိုင်ငံများ၏ သဘောထားနှင့်လုပ်ရပ်များကို သတိပြုမိရန် လိုပေသည်။

ထို့ကြောင့် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် ဘာသာသာသနာအပေါ် သစ္စာစောင့်သိပြီး ရင့်ကျက်သည့် အမျိုးသားရေး စိတ်ဓာတ်များဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို နိုင်ငံသားတိုင်းက သမိုင်းပေးတာဝန်အဖြစ်ခံယူ၍ စည်းလုံး ညီညွတ်စွာဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက် သွားကြရမည်ဖြစ်သည်။ တိုင်းပြည် တည်ငြိမ် အေးချမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် စုပေါင်းအင်အားဖြင့် ကြိုးပမ်းဖော်ဆောင် ကြရမည်ဖြစ် ပါသည်။ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ချက်ညီညီ ဆက်လက်ပူးပေါင်းလက်တွဲဆောင်ရွက်ကြရပါမည်။ တိုင်းပြည်ကို ပျက်စီးစေလိုသော ပြည်တွင်း၊ ပြည်ပအဖျက် သမားများအား တွန်းလှန်ဖယ်ရှားကြရမည်ဟု သန္နိဋ္ဌာန်ပြုကြရမည်ဖြစ်ပါကြောင်း။ ။

(ကြေးမုံအယ်ဒီတာ့အာဘော်)