Skip to main content

(၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပ

နေပြည်တော် ဇန်နဝါရီ   ၄

ဆောက်လုပ်ရေးဝန်ကြီးဌာနမှဦးဆောင်၍ အထောက်အကူပြု ဝန်ကြီးဌာနများဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲ၊ ရွှင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းခွဲ (သပြေကုန်း)၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးမင်းထိန်၊ ဦးဝင်းဖေ၊ ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းမိသားစုများ၊ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းခွဲ(သပြေကုန်း)မှ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ပြိုင်ပွဲဝင် အသင်းသားအသင်းသူများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူများ စုံညီစွာတက်ရောက် အားပေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ဝန်ကြီးဌာနများမှ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု၊ ကျောင်းသား ကျောင်းသူများ၏ အားက စားနည်းမျိုးစုံအလိုက် ယှဉ်ပြိုင်ကစား နေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေးက လွန်ဆွဲပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းကိုလည်းကောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ထုတ်စည်းတိုးပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပြိုင်ပွဲအလိုက်ဆုရရှိသည့်အားက စားသမားများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယနေ့ ကျင်းပသည့် (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို နိုင်ငံ့ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ကျောင်းသား ကျောင်းသူ များနှင့်အတူ အလျားခုန်၊ သံလုံးပစ်၊ (၃)ဆင့်ခုန် ၊ ထုတ်စည်းတိုး ၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲပြိုင်ပွဲများ၊ ဘော်လီဘော၊ ဂုန်နီအိတ်စွပ်၊ ခြေပူးပြေး၊ အပ်နဖားထိုး ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲများနှင့် မီတာ(၅၀ / ၇၅ / ၁၀၀) အပြေးပြိုင်ပွဲ ၊ မုန့်စား၊ ကြယ်သီးတပ်၊  ဝက်မျက်လုံးတပ်၊ အာလူးကောက်၊ ပူပေါင်းဖောက်စသည် တို့ပါဝင်ပြီး ပြိုင်ပွဲအမျိုး အစားပေါင်း(၂၄)မျိုး ကျင်းပခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)