Skip to main content

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ   ၄

၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်း အနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှေ့ ရင်ပြင်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားကို (၁)ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ် မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသား အားလုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး။ (၂) စစ်မှန်ပြီး စည်းကမ်းပြည့်ဝ သည့် ဒီမိုကရေစီစနစ်ကို စောင့်ရှောက်ဖော်ဆောင်၍ ကောင်းမွန်သန့်ရှင်းသော အစိုးရတစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံ ပေါ်ထွန်းလာစေရေး။ (၃) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသား အားလုံး စည်းလုံးချစ်ခင်စွာ ပူးပေါင်းဆောင်ရွက်ရေး။ (၄) ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းဖော်ဆောင်ရေးဟူသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ နှင့်အညီ အနှစ်သာရ ပြည့်ဝစွာ ကျင်းပခြင်းဖြစ်သည်။

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ကျင်းပရာ အလံတင် တပ်စုက တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင်သည်။

ထို့နောက် နံနက် ၆ နာရီတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများသည် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား ကျင်းပမည့် မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ဝင်ရောက်နေရာ ယူကြသည်။

ယင်းနောက် နံနက် ၇ နာရီတွင် ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံအပြုပွဲ အခမ်းအနားကို ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ချီတက်နေရာယူကြသည်။

ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အလေးပြုခံစင်မြင့်သို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် နှင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက် လာကြသူများသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကို အလေးပြုကြသည်။

ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြု၍ သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

(သတင်းစဉ်)