နေပြည်တော် ဇန်နဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်လျက်ရှိပြီး အောက်ဆီဂျင်လိုအပ်မှုများ ရှိခဲ့ချိန်နှင့် လက်ရှိအချိန်တွင်လည်း ပြည်တွင်းထုတ်လုပ်မှုများအပြင် ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်ချက်များအပေါ်မူတည်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေဖြန့်ဖြူးပေးခြင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံမှ မှာယူ၍ အောက်ဆီဂျင်အရည် ၂၀ တန် တင်ဆောင်ကာ ကရင်ပြည်နယ်၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် မော်တော်ယာဉ်သည် ယနေ့နေ့လယ် ၂ နာရီခွဲခန့်တွင် မြဝတီမြို့နယ်၊ အပြင်ကွင်းကလေးကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်နက်ငယ် များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးဇေယျ(ဘ) ဦးခင်လှနှင့် ယာဉ်နောက်လိုက်ဖြစ်သည့် ဦးအောင်ကြီး (ဘ)ဦးကျော်ဝင်း တို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာ (စိုးရိမ်ရ)များ အသီးသီးရရှိခဲ့ပြီး မော်တော်ယာဉ်မှာ လေကာမှန်များကွဲကြေပျက်စီးခဲ့သည်။ အဆိုပါဒဏ်ရာရရှိသူများအား သင်္ကန်းညီနောင် လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် သင်္ကန်းညီနောင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများ၏ ကျန်းမာရေးကဏ္ဍများတွင် အောက်ဆီဂျင်လိုအပ်ချက်မရှိစေရေး ဆောင်ရွက်ပေးနေသည့် အပေါ် KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ယခုကဲ့သို့ လူသား ချင်းစာနာထောက်ထားမှုမရှိဘဲ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူများက ဝိုင်းဝန်းပြစ်တင်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးလုပ်ငန်းများနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်