Skip to main content

ပြုပြင်ဆင်ခြင်၍ လွတ်လပ်ရေးနှင့် ထိုက်တန်အောင်ကြိုးစား

လွတ်လပ်ရေးအနှစ်သာရသည် လွတ်လပ်သောနိုင်ငံတွင် လွတ်လပ်သော နိုင်ငံသားများအားလုံး တန်းတူညီမျှ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ခြင်းဖြစ်ရာ မိမိတို့၏ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးကြရမည်ဖြစ်သည်။ မိမိကံကြမ္မာကို မိမိကိုယ်တိုင်ဖန်တီးနိုင်သည်ဆိုရာ၌ “ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားသကဲ့သို့ ပဒေသာပင် မြေမှအလိုလိုပေါက်လာခြင်းမဟုတ်ပေ။ မိမိတို့နှင့်မိမိတို့နိုင်ငံ တိုးတက်ကြီးပွားရေးအတွက် အလုပ်လုပ်ကြရသည်။ မိမိတို့နှင့်မိမိတို့နိုင်ငံ အဆင့်အတန်းမြင့်မားရေးအတွက် စောင့်ထိန်းသင့်သည်တို့ကို စောင့်ထိန်း၊ လိုက်နာသင့် သည်တို့ကို လိုက်နာကြရသည်။

လွတ်လပ်ပြီဆိုပြီး လမ်းပေါ်ထွက် ဆေးရိုးလှမ်းသည့်အလုပ်မျိုး မလုပ်သင့်ကြပေ။ လွတ်လပ်သော နိုင်ငံသားများဖြစ်လာကြရာ၌ လွတ်လပ်သောအခွင့်အရေး အပြည့်အဝရှိသည်ဟုဆို၍ စည်းမရှိ၊ ကမ်းမရှိ ထင်ရာစိုင်းလုပ်ကိုင်ခွင့်မရှိပေ။ တန်းတူညီမျှ သာတူညီမျှ အခွင့်အရေးရှိသည်ဆိုပြီး အများ သူငါတို့ အကျိုးစီးပွားထိခိုက်အောင် ပြုလုပ်ခွင့်မရှိပေ။ တားမြစ်ချက်၊ စည်းကမ်းသတ်မှတ်ချက် များသည် အများပြည်သူအကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ထားခြင်းဖြစ် သည်ကို သိရှိနားလည် ကြရမည်ဖြစ်သည်။ တစ်ဦးချင်းစည်းကမ်းလိုက်နာလိုက်ခြင်းသည် အများအတွက်ဖြစ်သည်ကို နားလည်ပေးကြရမည်ဖြစ်သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် တိုင်းပြည်အနာဂတ်ကိုမြော်တွေး၍ နောက်ဆုံးမှာကြားခဲ့သည့် မိန့်ကြားချက်ကို သတိပြုမိဖို့ လိုသည်။ “လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းရှိကြပါ။ လွတ်လပ် ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေး ကိုရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ် ရေးကိုရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက် ရှေ့ဆက် လွတ်လပ်ရေးရဲ့ အရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ အခုကတည်းက ခင်ဗျားတို့ကိုယ်က အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီ” ဟု တိုက်တွန်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ကြားချက်သည် နိုင်ငံနှင့်ထိုက်တန်သည့် လွတ်လပ်ရေး၊ လွတ်လပ် ရေးနှင့်တူတန်သည့်လိုက်နာမှုကို ဆောင်ရွက်ကြရန် မှာကြားချက်များဖြစ်သည်။ ထို့ပြင် လွတ်လပ်ရေးအရသာကို အပြည့်အ၀ခံစားနိုင် ရန်အတွက် အလုပ်လုပ်ကြရန်၊ စည်းကမ်းရှိကြရန်၊ ညီညွတ်ကြရန် မှာကြားခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏မှာကြားချက်များကို ကျွန်ုပ်တို့ အပြည့်အဝ မလိုက်နာခဲ့ကြပါဟု ဆိုရမည်ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည်နှင့် ညီညွတ်မှု များ ပြိုကွဲခဲ့သည်။ သူတစ်လူငါတစ်မင်းနှင့် ထင်ရာစိုင်းခဲ့ကြသည်။ တိုင်းပြည် ဖရိုဖရဲနှင့် ပြည်သူများ လွတ်လပ်ရေးအသီးအပွင့်များကို မခံစားရသည့်အပြင် ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်။

တိုင်းပြည်ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရ အဆက်ဆက်တို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော်လည်း မငြိမ်းချမ်းမှုများ၊ မညီညွတ်မှုများကြောင့် ထင်သလောက် ခရီးမရောက်ခဲ့ချေ။ တိုင်းပြည် သူတစ်ပါးနောက်ရောက်နေခြင်းသာအဖတ်တင်ခဲ့သည်။ လွတ်လပ်သည့်တိုင်းပြည် ဖြစ်သော်လည်း တိုင်းတစ်ပါးနှင့် တူတူတန်တန် တန်းတူနေထိုင်နိုင်သော အခြေအနေ မရှိသေးပေ။ တိုင်းပြည်အတွင်း၌ နေထိုင်စဉ်အခါ လွတ်လပ်သောအနှစ်သာရကို မသိသာသော်လည်း တိုင်းတစ်ပါး နိုင်ငံများသို့ရောက်သောအခါ၌ လွတ်လပ်သောနိုင်ငံ သားများ၏ နေထိုင်မှုဘဝများ ကွာခြားနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရ မည်ဖြစ်သည်။ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့တိုင်းပြည်ကို မချိတင်ကဲဖြစ်ကာ မိမိတို့အားလုံး ပြုပြင်နေထိုင် လုပ်ကိုင်ကြရမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။

လွတ်လပ်သော တိုင်းသူပြည်သားတို့သည် စည်းကမ်းသေဝပ်ကြရမည် ဖြစ်သည်။ မိမိတိုင်းပြည်၏ အခြေခံဥပဒေ၊ တရားဥပဒေ၊ စည်းကမ်းဥပဒေတို့မှအစ မိမိတို့သက်ဝင်ယုံကြည်သော ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ သတ်မှတ်ချက်များကို လေးလေးစားစား ယုံယုံကြည်ကြည် လိုက်နာ ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ စည်းကမ်းသေဝပ်၍ မြင့်မြတ်သောအရည်အချင်းများနှင့် ပြည့်စုံ သူသာလျှင် လွတ်လပ်သောနိုင်ငံသား ပီသပေလိမ့်မည်။ အများတန်းတူ ရင်ပေါင် တန်းနိုင်သော နိုင်ငံကြီးသားပီသပေလိမ့်မည်။ လွတ်လပ်ရေးနှင့်ထိုက်တန်သော မျှော်မှန်းသည့် ပန်းတိုင်သို့ ရောက်ရှိပြီး ဂုဏ်တင့်တယ်စွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိနိုင်ငံများသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီး၍ ရုန်းကန်နိုးထလာကြသည်။ မိမိတို့နှင့် မိမိတို့ တိုင်းပြည်တိုးတက်ကြီးပွားရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းခဲ့ကြသည်။ စည်းကမ်းဥပဒေ တို့ကို လေးစားလိုက်နာခဲ့ကြသည်။ မိမိတို့ သည် သူ့အပြစ်တင်၊ မိမိကိုယ်ကို အပြစ်မမြင်ဘဲ အကွဲကွဲ အပြားပြားဖြစ်နေ ကြဆဲဖြစ်သည်။ မိမိကိုယ်ကိုပြုပြင်၍ မိမိအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုး ထမ်းရွက်ကြရမည်။ သို့မှသာ လွတ်လပ်ရေးနှင့် ထိုက်တန်သော၊ လွတ်လပ်ရေးနှင့် တူတန်သော၊ လွတ်လပ်ရေးအရသာကို တန်းတူညီမျှရရှိခံစားနိုင်သော နိုင်ငံသားများဖြစ်နိုင်ပါကြောင်း။