ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်မြစ်တွင်း မော်တင်ဆိပ်ကမ်းနှင့် မှော်စက်သမ္ဗန်ကူးတို့ဆိပ်တို့သို့ ခရီးသည်တင်ပို့ဆောင်သော စက်တပ် သမ္ဗန်တစ်စီး ယနေ့ နံနက် ၉ နာရီက မော်တင်ဆိပ်ကမ်းဘက်၌ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၁၁ ဦးအနက် ၁၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး၊ ခရီးသည် ၁ ဦးပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်စက်တပ်သမ္ဗန်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်ကမ်းရှိ မော်တင်ဆိပ်ကမ်း၌ ခရီးသည်တင်ဆောင်၍ ဒလဘက်ကမ်းရှိ မှော်စက်သမ္ဗန် ကူးတို့ဆိပ်သို့ မောင်းနှင်းထွက်ခွာမည့် သမ္ဗန်တစ်စီးသည် ရှေ့တည့်တည့်မှ မောင်းနှင်းလာသည့် သမ္ဗန်တစ်စီးအား မော်တင်ဆိပ်ကမ်းအနီးတွင် ရှောင်တိမ်းစဉ်၊ ရေစီးအားကြမ်းမှုကြောင့် သမ္ဗန်ဦးခေါင်း မထိန်းနိုင်ဘဲ အနီးရှိ ကားကူးဇက် ရေယာဉ်အောက်သို့ ဝင်ရောက်ခဲ့ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယင်းသမ္ဗန်ပေါ်တွင် လိုက်ပါသော ခရီးသည် ၁၁ ဦးအနက် (၁၀)ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ခရီးသည် ၁ ဦး ပျောက်ဆုံးနေကြောင်း၊ မြို့နယ်စက်တပ် သမ္ဗန် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေပျံလွှာအမည်ရှိသော စက်တပ်သမ္ဗန်ရေယာဉ်မောင်းသူ ဦးစန်းအောင်အား ရေကြောင်းရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်၍ ဗိုလ်တစ်ထောင် ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း၊ ပျောက်ဆုံးနေသော ခရီးသည်တစ်ဦးမှာ မှော်စက် စက်တပ်သမ္ဗန်ကူးတို့ဆိပ် ဒုဥက္ကဋ္ဌ ဦးဟန်စိန် ဖြစ်ကြောင်းသိရသည်။
နိုင်လင်းကျော် (ဒလ)