ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း အား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၉၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၁၄) ရာခိုင်နှုန်းရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၀၅၅,၈၇၂) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၃၁,၀၂၅) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၂၀၉) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၀၈,၆၉၆) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၂) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၁၉,၂၇၄) ဦး ရှိပါသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁-၁-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (၂၀,၈၁၆,၄၄၁) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၁၅,၅၇၁,၉၁၇) ဦး နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၅,၂၄၄,၅၂၄) ဦး ရှိပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁-၁-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း (၃၆,၃၈၈,၃၅၈) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။
- ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးဝင်ရောက်ဖြစ်ပွားမှုကြောင့် (၂-၁-၂၀၂၂) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်အထိ အတည်ပြုလူနာစုစုပေါင်း (၄၀၃,၄၃၄) ဦး ရှိ၍ သေဆုံးသူ (၈၃) ဦး ရှိပြီဖြစ်ရာ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ ဩစတြေးလျ၊ အရှေ့တောင်အာရှအပါအဝင် အာရှဒေသနိုင်ငံများစသည့် ကမ္ဘာ့ဒေသ အသီးသီးရှိ နိုင်ငံ/ဒေသပေါင်း (၁၃၁) ခုအထိ ကျယ်ပြန့်စွာ ပျံ့နှံ့ရောက်ရှိပြီးဖြစ်သည်ဟု သိရှိ ရပါသည်။
- မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသည့်လူနာများတွင် မျိုးရိုးဗီဇပြောင်းရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးမှုများအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား (၄) ဦး၏ ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရကြောင်း (၂၈-၁၂-၂၀၂၁) ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။
- ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း၊ အသွားအလာ ကန့်သတ်၍ သီးသန့်ခွဲခြားထားရှိရာနေရာ (Quarantine Center) များ၊ ကုသရေး စင်တာ (Treatment Center) များနှင့် အောက်စီဂျင် အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင် ပြင်ဆင်ခြင်း၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြင့်တင် ဆောင်ရွက်လျက်ရှိပါသည်။
- သို့ဖြစ်ပါ၍ အိုမီခရွန်ဗီဇပြောင်းကိုဗစ်-၁၉ရောဂါပိုးနှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယရောဂါလက္ခဏာရှိသူများ အနေ ဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ် ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေး ဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများကို ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေး တိုက်တွန်း နှိုးဆော်အပ်ပါသည်။
- COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။