Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်ရုံများကြည့်ရှု စစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ (၂)

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇန်နဝါရီ(၁)ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့ရှိ ချည်မျှင်နှင့် အထည်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်း ချည်မျှင်ထုတ်လုပ်သည့် စက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းထွက် ကုန်ကြမ်းများကို အသုံးပြု၍ စက်ရုံများ လည်ပတ်ခြင်းဖြင့် ပြည်တွင်းစားသုံးမှုများ ဖူလုံနိုင်သည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိခြင်း၊ ပြည်ပသွင်းကုန်အစားထိုးဖြစ်၍ နိုင်ငံခြားငွေသုံးစွဲရမှု လျော့နည်း သက်သာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်လျှင် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးမည် ဖြစ်ကြောင်း၊ ချည်မျှင်ထုတ်လုပ်သည့် ကဏ္ဍဖွံ့ဖြိုးတိုးတက်လျှင် အဝတ်အထည် ကဏ္ဍတွင် ပါဝင်ပတ်သက်သူများအားလုံး အလုပ်အကိုင်ရရှိပြီး လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ချည်မျှင်စက်ရုံများအတွက် ဝါကုန်ကြမ်းများ ပြည့်စုံ လုံလောက်အောင် ရရှိရေးအတွက် ဝါစိုက်တော်သူများသို့ အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးစေ့များဖြန့်ဝေ၍ သိပ္ပံနည်းကျ စိုက်ပျိုးနိုင်ရေး အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ချည်မျှင်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် လုပ်ငန်းရှင်များက လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုနှင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ချည်မျှင်ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက္ကူစက်ရုံ(ပလိပ်)သို့ ရောက်ရှိပြီး စက်ရုံ၌ ရှိပြီးဖြစ်သည့် နည်းပညာနှင့် အတတ်ပညာများ မပျောက်ပျက်စေရေးဆင့်ပွင်းသင်တန်းများ ပြုလုပ်ပေးရန် မှာကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝမ်းတွင်းမြို့ရှိ အမှတ်(၇)အထည်စက်ရုံခွဲ (ဝမ်းတွင်း) သို့ရောက်ရှိကြကာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းတို့မှ အမှာစာများ တိုးတက် ရရှိရေးကြိုးစား ဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များကို Business Plan ရေးဆွဲ၍ စနစ် တကျဆောင်ရွက်ရန်၊ အဝတ်အထည်များကို သုံးစွဲသူများအား ဆွဲဆောင်မှုရှိမည့် အရောင် အဆင်း၊ ဒီဇိုင်းများဖြစ်အောင် ဆောင်ရွက်ရန်၊ ဈေးကွက်သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ရန်မှာကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့ရှိ အမှတ်(၈)အထည်စက်ရုံခွဲ (ရမည်းသင်း) အတွင်း၌ စက်ရုံရှိ ဝန်ထမ်းများက ထုတ်ကုန်အမယ်သစ် ထုတ်လုပ်နိုင်ရေး အတွက် စမ်းသပ်လည်ပတ်လျက်ရှိသည့် ရက်ကန်းစက်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်