နေပြည်တော် ဇန်နဝါရီ ၁
ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှ စတင်၍ KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ပျက်စီးစေလိုသည့် ခေါင်းဆောင်အချို့ ပါဝင်သောအဖွဲ့၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသမှ အပြစ်မဲ့ပြည်သူများ တစ်ဖက် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
ပြန်လည်နေထိုင်နိုင်ရေး
အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့်အတွက် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာ စကားများဖြင့် ပြန်လည်ဖိတ်ခေါ်ခြင်း၊ ထိုင်း- မြန်မာ နယ်ခြား ကော်မတီများမှ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင် နေသူများအနက်မှ ယနေ့တွင် အမျိုးသား ၆၃၆ ဦး၊ အမျိုးသမီး ၈၄၈ ဦး၊ စုစုပေါင်း ၁၄၈၄ ဦးသည် ထပ်မံ ပြန်လည်ဝင်ရောက်လာခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ ယနေ့အထိ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေးနှင့် မေတ္တာလင်းမြိုင်ကျေးရွာတို့တွင် ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၇၁၂ ဦး၊ အမျိုးသမီး ၃၁၆၀ ဦး၊ စုစုပေါင်း ၅၈၇၂ ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ လက်ခံ ခဲ့ပြီး ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်း တို့ကိုစနစ်တကျ ဆောင်ရွက်ပေး ပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် အခြားလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်