နေပြည်တော် ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့၌ အမျိုးသားငါးဦးက အကြမ်းဖက်မှု လုပ်ရပ်များလုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်းတပ်ဆင်နေ စဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ လေးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ မြို့မ(၃)ရပ်ကွက်ရှိ ဦးစိုးသိန်း ပိုင်ဆိုင်သည့် RC တစ်ထပ်တိုက် ဘယ်ဘက်ခြမ်းတွင် အောင်ပြည့်စုံထွန်း၊ ကျော်စွာနှင့် စည်သူထွန်းတို့ သုံးဦးမှာ ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေပြီး အောင်မြင့်မြတ်ထွန်းတွင် ခန္ဓာကိုယ် အောက်ပိုင်း၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား မေးမြန်းခဲ့ရာ ၎င်းသည် ဦးစိုးသိန်း၏ သားဖြစ်သူ ဇင်ကိုလွင် (၂၆) နှစ်၊ အောင်ပြည့်စုံထွန်း၊ ကျော်စွာ၊ စည်သူထွန်း တို့နှင့်အတူ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဆေးကုသမှု ခံယူနိုင်ရေး ပြွန်တန်ဆာမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေအိမ်အား အသေးစိတ်ဆက်လက် စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ထားသည့် နေရာအနီးမှ ပျက်စီးနေ သော ပစ္စတိုသေနတ် တစ်လက်နှင့် ကျည် နှစ်တောင့်အား သိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဉ်တွင် ပါဝင်ပြီး ပျောက်ဆုံးနေသည့် ဇင်ကိုလွင်အား ၎င်းနေအိမ်၏ အမြင့် ၁၂ ပေခန့်ရှိ အမိုးပေါ်၌ ခန္ဓာကိုယ် အနှံ့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ထပ်မံတွေ့ရှိခဲ့ရသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်မှုများလုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား ကာ သေဆုံးခဲ့သည့် ဇင်ကိုလွင်ပါ အမျိုးသား ၄ ဦး၏ အလောင်းများအား ပြွန်တန်ဆာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်