နေပြည်တော် ဇန်နဝါရီ ၁
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် မြန်မာနိုင်ငံ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ဖြစ်ပွားခဲ့သော အရပ်သားများ သေဆုံးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် အချက်(၅)ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။
ထုတ်ပြန်ကြေညာ
အထက်ဖော်ပြပါ ထုတ်ပြန်ကြေညာချက်၌ ဖြစ်စဉ်တွင် ကလေးငယ်တစ်ဦး အပါအဝင် လူ(၃၅)ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် Save The Children အဖွဲ့မှ ဝန်ထမ်း(၂)ဦးကို ဖမ်းဆီးထားပြီး မော်တော်ယာဉ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ယခုကဲ့သို့ အရပ်သားများ အပေါ် တိုက်ခိုက်ခဲ့မှုများကို ရှုတ်ချ၍ ကျူးလွန်ခဲ့သူများကို အမြန်ဆုံးတရားစီရင်နိုင်ရေး ပွင့်လင်းမြင်သာမှုရှိသည့် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းကြောင်း၊ မြန်မာ့ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း အရပ်သားပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေး ကာကွယ်ပေးရန် တိုက်တွန်းကြောင်း အစရှိသည့် အချက်များ ပါဝင်ကြောင်း တွေ့ရှိရသည်။
စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းခဲ့
မြန်မာ့တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်အား ခေတ္တထိန်းသိမ်းခဲ့သည့် အချိန်မှစတင်၍ လူစုလူဝေးဖြင့် ဆူပူ အကြမ်းဖက်ဆန္ဒပြမှုများ၊ လက်နက်ဖြင့် တိုက်ခိုက်မှုများ၊ အုပ်စုဖွဲ့အကြမ်းဖက်တိုက်ခိုက်မှုများ အပေါ် အနိမ့်ဆုံးအဆင့်၊ အနည်းဆုံးအင်အား ကိုသာအသုံးပြု၍ တည်ဆဲတရားဉပဒေများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ အာဏာအရပ်ရပ်အား ခေတ္တထိန်းသိမ်းထားသည့် ကာလအတွင်း နိုင်ငံအတွင်း၌ ငြိမ်းချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာ ရေးတို့အတွက် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ်တို့အား ချမှတ်၍ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရည်မှန်းချက်၊ ရည်ရွယ်ချက် ကောင်းများထားရှိ၍ ကြိုးပမ်းလုပ်ဆောင်နေသည့် ကာလအတွင်း အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သော CRPH ၊ NUG အမည်ခံအဖွဲ့များမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့အား D Day အဖြစ် သတ်မှတ်၍ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံတစ်ဝန်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ စတင် လုပ်ဆောင်ရန် ထုတ်ပြန်ကြေညာခဲ့သည်။
အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိ
ထိုသို့ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက် အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခြင်းကို ပိုမိုလုပ်ဆောင်လာခဲ့ပြီး အထူးသဖြင့် လက်နက် ကိုင်ဆောင်ထားခြင်းမရှိသော အရပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများအား ဒလန် အဖြစ်စွပ်စွဲ၍ သတ်ဖြတ်ခြင်း၊ ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသည့် မိသားစုများကို အုပ်စုဖွဲ့သတ်ဖြတ်ခြင်း၊ တန်ဖိုးရှိပစ္စည်းများအား အတင်းအဓမ္မယူဆောင်၍ နေအိမ် အဆောက်အဦနှင့် ပစ္စည်းကိရိယာများအား မီးရှို့ဖျက်ဆီး ခြင်း၊ ၎င်းတို့အား အားပေး ကူညီရန်အတွက် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းအစရှိသည့် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths ၏ ကြေညာချက်တွင် ပါရှိသော ဖြစ်စဉ် ဖြစ်ပွားရခြင်းမှာလည်း ကယားပြည်နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးသို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်း၌ ရောက်ရှိချိန်တွင် မော်တော်ယာဉ်(၇)စီးအား တွေ့ရှိ၍ လုံခြုံရေးအရ စစ်ဆေးမှုခံယူနိုင်ရေး ရပ်တန့်စေခဲ့ရာ ရပ်တန့်မှုမရှိဘဲ မော်တော်ယာဉ်ပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ မောင်းနှင် ထွက်ပြေးသွားခဲ့ပါသည်။ ထိုသို့ မောင်းနှင် ထွက်ပြေးသွားစဉ် မိုဆိုကျေးရွာအနီးရှိ တောင်ကုန်းများတွင် အသင့်စောင့် ဆိုင်းနေသည့် အကြမ်းဖက်သမား ၁၀ ဦးခန့်က အာပီဂျီ၊ ၄၀ မမဗုံးပစ်လောင်ချာ၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိလုံခြုံရေး တပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်။
ဖြစ်စဉ်တွင် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သင်တန်း တက်ရောက်ရန် စုဆောင်းလာသည့် လူသစ်အချို့တို့အား အမ်-၁၆ သေနတ် ၁ လက်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ တူမီးသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ အမ်-၁၆ ကျည် ၂၅ တောင့်၊ ကျည်အိမ် ၂ ခု၊ ပြောက်ကျား ယူနီဖောင်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိ ခဲ့ပြီး ဓာတ်ဆီ၊ ဒီဇယ်နှင့် အကြမ်းဖက် အဖွဲ့များ စားသုံးရန် ကျေးရွာများမှ အဓမ္မကောက်ခံခဲ့ သည့် စားသောက်ကုန် ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၇ စီးမှာလည်း မီးလောင်ပျက်စီးခဲ့သည်။ အဆိုပါအကြမ်းဖက်အဖွဲ့သည် ယင်းနေ့ နံနက်ပိုင်းတွင် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်လာသည့် အရပ်ဘက်ခရီးသည်တင်လေယာဉ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ အရပ်ဝတ်ဖြင့် လျှို့ဝှက်ထွက်ပြေးလာသည့် အဖွဲ့ဖြစ်ကြောင်း ဒေသခံများမှ တစ်ဆင့် ဖော်ထုတ်ရရှိခဲ့သည်။ ၎င်းဖြစ်စဉ်အားလည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် နိုင်ငံတော်ပိုင် ရုပ်သံလိုင်းများနှင့် သတင်းစာများတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခဲ့
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH နှင့် NUG အမည်ခံ အဖွဲ့များ၏ D Day အဖြစ်သတ်မှတ်ကြေညာပြီးနောက် နိုင်ငံအတွင်း အချို့ဒေသများတွင် ယခုဖြစ်စဉ်ကဲ့သို့ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ များပြားစွာဖြစ်ပေါ်ခဲ့ပြီး ယခုဖြစ်စဉ်မှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အကြမ်းဖက် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို မလိုလားသော ကိုယ်ကျိုးရှာ မီဒီယာများ၊ သတင်းသမားများနှင့် ပူးပေါင်း၍ ဖြစ်စဉ်အား ၎င်းတို့လိုရာဆွဲကာ ရေးသားထုတ်လွှင့်မှုများအပေါ် အခြေပြုပြီး ယခုကဲ့သို့ အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် များနှင့်အညီ အရပ်သားပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။
သတင်းစဉ်