နေပြည်တော် ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် နှစ်သစ်မင်္ဂလာ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့တွင် ပုသိမ်မြို့ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပုသိမ်မြို့ ညောင်ပင်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော်ဩဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိသုတထံမှ ငါးပါးသီလခံယူဆောက်တည်ကြ ပြီး ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘိတထံမှ ဩဝါဒကထာ နာကြားကြသည်။
ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိကိုရွတ်ဖတ် ပူဇော်ကြကာ အလှည့်ကျပဌာန ဘာဏက ဆရာတော်အား ပလ္လင်တော်မြတ်သို့ပင့်ဆောင်၍ ပဋ္ဌာန်း ဒေသနာတော်ကို စတင်ရွတ်ဖတ် ပူဇော်ကြသည်။
၎င်းနောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်