Skip to main content

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ဒီဇင်ဘာ ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် စုစုပေါင်း (၆၀)တွင် ဘွဲ့သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ စနစ်တကျ ဖြစ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်စေရေး၊ စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် အမှန်တကယ် တတ်မြောက်သည့် ရလဒ်အခြေ ပြု အရည်အသွေးပြည့်ဝသော သင်ကြား၊ သင်ယူမှုများ ဖြစ်စေရေးတို့ကိုမှာကြားသည်။

ထို့နောက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နွယ်နီက တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးပြီး တက်ရောက်လာကြသော တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များမှ တက္ကသိုလ်အလိုက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ တင်ပြဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အသီးသီး၏ တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)