ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ် ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း အား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၉-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၁၂-၂၀၂၁) ရက် နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၄၆၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၆၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၃.၂၂) ရာခိုင်နှုန်းရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၀၂၉,၉၃၆) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၃၀,၆၄၅) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၂၄၇) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၀၈,၀၅၃) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၃) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၁၉,၂၆၅) ဦး ရှိပါသည်။
• ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ အားတက်သရော ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူ လူထုမှ စနစ်တကျ စည်းကမ်းလိုက်နာမှု၊ ဌာနဆိုင်ရာအသီးသီးမှ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်မှုနှင့် လူမှုရေးအသင်း အဖွဲ့အစည်းများမှ တက်ကြွစွာ ပံ့ပိုးပူးပေါင်းဆောင်ရွက်မှု တို့ကြောင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ ရက်သတ္တပတ်အလိုက် သုံးသပ်ချက်များ အရ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းတို့မှာ တဖြည်းဖြည်း လျော့နည်း ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။
• သို့ရာတွင် ပြည်သူလူထုအကြား မြုပ်ကွယ်နေသည့် ကိုဗစ်-၁၉ ရောဂါပိုးရှိနေသူများ (ဥပမာ- ရောဂါလက္ခဏာ မပြသော်လည်း ရောဂါပိုးရှိနေသူများ၊ သံသယရောဂါလက္ခဏာများ ရှိ၍ ရောဂါပိုးရှိနေနိုင်သော်လည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့ခြင်းမရှိသူများထံမှ) ရောဂါပိုး အဆင့်အဆင့် ဆက်လက်ကူးစက်၍ ရောဂါဖြစ်ပွားမှုများ ပြန်လည်မြင့်တက် လာခြင်း မရှိစေရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက်လျော့ကျလာစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်၍ အောက်ပါအချက်များကို တိကျစွာ လိုက်နာကြပါရန် ဖြစ်ပါသည်။
• အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊
• နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊
• လက်ကို မကြာခဏဆေးကြောခြင်း၊
• တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊
• အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ခံယူခြင်း၊
• သံသယရောဂါလက္ခဏာတစ်စုံတစ်ရာရှိပါက မိမိဘာသာကုသခြင်းမျိုး မဆောင်ရွက်ဘဲ နီးစပ်ရာကျန်းမာရေး ဌာနသို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့၍ မိမိနှင့် အနီးကပ် ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပို့ခြင်း ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
• ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ ကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊
• COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။