Skip to main content

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များလူငယ်သင်တန်း ကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၃၀

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက်တွင်  ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီး ကလေးများသင်တန်းကျောင်း (မလိခ) တို့ကိုလည်းကောင်း၊ ယနေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြန့်) ကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် လူငယ်သင်တန်းကျောင်းများတွင် စောင့်ရှောက်ထားသော ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ အာဟာရ ပြည့်မီသော အစားအစာ၊ သန့်ရှင်းသောသောက်သုံး ရေရရှိခွင့်၊ မိသားစုနှင့် ပြန်လည် ပေါင်းစည်းခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံ လူ့အခွင့်အရေးများ ရရှိခြင်း ရှိမရှိတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းကျောင်းရှိကလေးသူငယ်များ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်သင်တန်း ကျောင်းများရှိ စာကြည့်တိုက်များတွင် ထားရှိရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေး စာအုပ်မျိုးစုံ အုပ်ရေ (၁၅၀) နှင့် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများ ပါရှိသော မှတ်စုစာအုပ် (၁၅၀၀) တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်များက လက်ခံရယူခဲ့သည်။

ကော်မရှင် အဖွဲ့ဝင်များ၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြု ချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေး နိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွား မည်ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)