Skip to main content

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် Covishield ကာကွယ်ဆေး ဒုတိယအသုတ် ၆ ဒသမ ၇ သန်း doses ထပ်မံရောက်ရှိလာ စုစုပေါင်း ကာကွယ်ဆေး ၁၃ ဒသမ ၄ သန်း doses ရောက်ရှိပြီးဖြစ်

နေပြည်တော် ဒီဇင်ဘာ ၂၉

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ဦးစားပေး အစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိရာတွင် ကာကွယ်ဆေးများ ထပ်မံရောက်ရှိမှုအနေဖြင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် Covishield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ၆ ဒသမ ၇ သန်း doses သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ည ၉ နာရီ ၃၅ မိနစ်တွင် ထပ်မံရောက်ရှိလာပြီဖြစ်ရာ စုစုပေါင်း ကာကွယ်ဆေး ၁၃ ဒသမ ၄ သန်း doses ရောက်ရှိပြီးဖြစ်သည်။

အဆိုပါ ဒုတိယအသုတ်အဖြစ် ရောက်ရှိလာသည့် ရောဂါကာကွယ်ဆေး Covishield အမှတ်တံဆိပ် ကာကွယ်ဆေး ၆ ဒသမ ၇ သန်း doses ကို ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ဒီဇင်ဘာ ၂၈ ရက်အထိ အသက် ၁၈ နှစ်နှင့် အထက်ရှိသူ ၁၃ ဒသမ ၇၈ သန်းကို နှစ်ကြိမ်အပြည့် ထိုးနှံပေးခဲ့ပြီး ၅ ဒသမ ၃၇ သန်းကို တစ်ကြိမ် ထိုးနှံ ပေးခဲ့ပြီး ဖြစ်သည်။

သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသည့် အသက် ၁၈ နှစ်နှင့် အထက်ရှိသူ စုစုပေါင်း ၁၉ ဒသမ ၁၅ သန်းခန့်ရှိပြီဖြစ်သောကြောင့် ရည်မှန်းလူဦးရေ အားလုံး၏ ၅၁ ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် အခြေခံပညာကျောင်းများတွင် အသက် ၁၂ နှစ်နှင့် အထက် ရှိအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများကို ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁ ဒသမ၂၉ သန်းကို နှစ်ကြိမ်အပြည့် ထိုးနှံပေးခဲ့ပြီး ၁၈၈၈၃၆ ဦးကို တစ်ကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဝယ်ယူခြင်းမှ ၄၄ ဒသမ ၄ သန်းနှင့် လှူဒါန်းမှုမှ ၁၁ ဒသမ ၉၆ သန်းခန့် စုစုပေါင်း ၅၆ ဒသမ ၃၆ သန်းခန့်ရရှိပြီး ဖြစ်သည်။

လာမည့် ၂၀၂၂ ခုနှစ်တွင်လည်း ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမို ကောင်းမွန်အောင် သတ်မှတ်ဦးတည် အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုက်တွန်းနှိုးဆော်

မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလ အတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

သတင်းစဉ်