နေပြည်တော် ဒီဇင်ဘာ ၂၉
ဒီဇင်ဘာလ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သူများ၏ ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့၏ ငွေကြေးနှင့် လက်ဝတ်ရတနာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေပေးခဲ့ပြီး မိသားစုဝင်များထံ ပြန်လည်အပ်နှံသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၄)၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ်မျိုးမင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြား သည်။
မိသားစုဝင်များထံ ပြန်လည်အပ်နှံ
ထို့နောက် ပြန်လည်ရှာဖွေရရှိခဲ့သည့် သေဆုံးသူများ၏ငွေကြေးနှင့် လက်ဝတ် ရတနာများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် မျိုးမင်းနှင့် ရဲဗိုလ်ချုပ် အောင်အောင်တို့က သေဆုံးသူများ၏ သားနှင့်တူဖြစ်သူ ဦးကိုကိုမောင်နှင့် မိသားစုဝင်များထံ ပြန်လည်အပ်နှံ ခဲ့ပြီးနောက် ဦးကိုကိုမောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယခုကျင်းပပြုလုပ်သည့်အခမ်းအနားတွင် ရွှေထည်ပစ္စည်းအမျိုးအစား (၂၀) မျိူး၊ ငွေသား (၂၁၁၃၈၀၀)ကျပ်၊ အငြိမ်းစားလစာ စာအုပ်(မူရင်း) ၁ အုပ်၊ နိုင်ငံသား စိစစ်ရေးကတ်(မူရင်း) ၁ ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း(မူရင်း) ၁ ရွက်တို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သူများက စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၊ ဒေါင့်ကြီးကျေးရွာနေဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့အား၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် တွင် လုပ်ကြံသတ်ဖြတ်ခဲ့၍ နေအိမ်အား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ ထို့သို့သတ်ဖြတ်မီးရှို့ ခံရချိန်တွင် သေဆုံးသူ မိသားစုများကပိုင်ဆိုင်ပြီး လုံခြုံစွာသိမ်းဆည်းထားသည့် ငွေကြေးနှင့် လက်ဝတ်ရတနာများ နေအိမ်ပတ်ဝန်းကျင်၌ ကျန်ရှိနေသေးသဖြင့် ပြန်လည်ရှာဖွေပေးရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ကျန်ရှိမိသားစုဝင်များက သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တစ်ဆင့် အကူအညီတောင်းခံခဲ့မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေအိမ်သို့ အားခြင်းသွားရောက် ရှာဖွေပေးခဲ့ရာ လက်ဝတ်ရတနာများနှင့်ငွေသား လက်ကျန်များကို ပြန်လည်တွေ့ရှိခဲ့ရ သဖြင့်ယနေ့တွင် ၎င်းတို့၏ မိသားစုဝင်များထံ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။
ထိခိုက်နစ်နာမှုရှိက တိုင်ကြားနိုင်
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း အကြမ်းဖက် သမားများ၊ အကြမ်းဖက်လက်နက်/ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ပတ်သက်၍ လုံခြုံရေးအရ နေ့၊ ညအချိန်အခါမရွေး လိုအပ်ချက်အရ နေအိမ်များအတွင်း ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ရလေ့ရှိ သော်လည်း အကြမ်းဖက်အုပ်စုနှင့် ဆက်စပ်လက်နက်/ ခဲယမ်း၊ မိုင်းများကိုသာ ဦးတည် ဆောင်ရွက်ခြင်းဖြစ်ပြီး မသက်ဆိုင်သည့် ပြည်သူလူထု၏ ပိုင်ဆိုင်မှုများအား လုံးဝထိပါး ပျက်စီးစေခြင်းမပြုရန်နှင့် လိုအပ်သည့်အကူ အညီများအား စိတ်ရင်းစေတနာဖြင့် ကူညီစောင့်ရှောက်ရန် ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်လျက်ရှိပါ သည်။ သို့ရာတွင် အယောင်ဆောင် လုံခြုံရေးတပ်ဖွဲ့အချို့၏ မသမာမှုများလည်း ဖြစ်ပေါ်လေ့ရှိသဖြင့် ရှာဖွေစစ်ဆေးစဉ် ထိခိုက်နစ်နာမှုများ ရှိပါက ကာယကံရှင်များက သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားရမည့် ဖုန်းနံပါတ်များကို တိုင်ကြားနိုင်ကြောင်း၊ အကူအညီရယူလိုပါကလည်း အကူအညီတောင်းခံ နိုင်ကြောင်းသတင်းရရှိသည်။
သတင်းစဉ်