Skip to main content

ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူသူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဒီဇင်ဘာ ၂၉

ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရေဥက္ကံ ရပ်ကွက်နေ မတင်လင်းခိုင် (ခ) မမိပုံ့၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ကားကြီးဝင်းနေ ကိုကျော်ဝဏ္ဏနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ညောင်ရွာနေ မမေသူလင်းတို့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ်နေ မ xxx ၂၀ နှစ်အား ပဲခူးမြို့နှင့် ပခုက္ကူမြို့တို့တွင် ထမင်းချက်သည့် အလုပ်ကို လုပ်ကိုင်ရန် ပြောဆိုစည်းရုံးပြီး ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူခဲ့သဖြင့် လှိုင်သာယာ မြို့မရဲစခန်း (ပ) ၂၈၉၀/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့တရား စွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၄ ရက်တွင် ကလေးတရားခံဖြစ်သူ မမေသူလင်းအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၈၈ (ဂ) အရ အလုပ်မဲ့ ထောင်ဒဏ် ၃ နှစ်နှင့် ဒီဇင်ဘာ ၂၇ ရက်တွင် တရားခံ မတင်လင်းခိုင် (ခ) မမိပုံ့ နှင့် ကိုကျော်ဝဏ္ဏတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်