Skip to main content

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁)ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပသည်။

စိစစ်ခွင့်ပြုပေးလျက်ရှိ

အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူ ပြုနိုင်သည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်လျက်ရှိရာ လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှု ပမာဏသတ်မှတ်ချက်အပေါ်မူတည်ပြီး မူဘောင် အတွင်းမှ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများ တွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် အတွက် ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၊ တန်ဖိုးမြှင့် စားသောက်ကုန်များ၊ လျှပ်စစ်ယာဉ်များ၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး စသည့်လုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အတွက်၊ တိုင်းဒေသကြီးအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများကို စိစစ်ခွင့်ပြုသွားကြရမည် ဖြစ်ပြီး အခက်အခဲများရှိပါက တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံ မှုကော်မတီမှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်၊ အစိုးရ၊ ဝန်ကြီး ဌာနတို့ ဟန်ချက်ညီစွာ ဆောင်ရွက်မည် ဆိုလျှင် အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းဆွေးနွေး

ဆက်လက်၍တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသိန်းဌေး က ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများအား လွယ်ကူလျင်မြန်စေရေးအတွက် စိစစ်ခွင့်ပြုဆောင်ရွက် နေမှု၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသောကုမ္ပဏီများ၏ တည်ဆောက် မှုကာလ သက်တမ်းတိုးခြင်း၊ ပြန်လည်ဆောင်ရွက် ခွင့်ပြုချက်တင်ပြခြင်း၊ ရင်းနှီးမြှုပ်နှံမှုပုံစံ ပြောင်းလဲ ခွင့်ပြုရန်တင်ပြခြင်း၊ ယခင်အစည်းအဝေးဆုံးဖြတ် ချက်များကို ဆောင်ရွက်ပြီးစီးမှု၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်သည့် လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ မှုများကို တင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ လျှောက်ထားလာသည့် ကုမ္ပဏီ များ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကြီးကြပ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များ အပေါ် လိုအပ်သည်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်