နေပြည်တော် ဒီဇင်ဘာ ၂၇
အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield အမှတ်တံဆိပ် ကာကွယ်ဆေး doses ၁၃ ဒသမ ၄ သန်းအနက် ပထမ အသုတ်အဖြစ် ကာကွယ်ဆေး doses ၆ ဒသမ ၇ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ကရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ဦးစားပေး အစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ ထိုးနှံပေးလျက် ရှိရာ ဒီဇင်ဘာ ၂၇ ရက် အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေ ၁၃ ဒသမ ၄၅ သန်းကို နှစ်ကြိမ်အပြည့်ထိုးနှံပေးခဲ့ ပြီး ၅ ဒသမ ၅၄ သန်းကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသည့် အသက်(၁၈) နှစ်နှင့်အထက်ရှိသူ စုစုပေါင်း ၁၉သန်းခန့်ရှိပြီ ဖြစ် သောကြောင့် ရည်မှန်းလူဦးရေအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အခြေခံပညာကျောင်းများတွင် အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁ ဒသမ ၂၈ သန်းကို နှစ်ကြိမ်အပြည့် ထိုးနှံပေးခဲ့ပြီး ၁၈၉၁၀၄ ဦးကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီး ဖြစ်သည်။ လာမည့် ၂၀၂၂ ခုနှစ်တွင်လည်း ကာကွယ်ဆေးလွှမ်းခြုံမှုပိုမိုကောင်းမွန်အောင် သတ်မှတ် ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ ၃၇ ဒသမ ၇ သန်းနှင့် လှူဒါန်းမှုမှ ၁၁ ဒသမ ၉၆ သန်းခန့် စုစုပေါင်း ၄၉ ဒသမ ၆၆ သန်းခန့်ရရှိပြီး ဖြစ်သည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက် မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက် (သို့မဟုတ်) အနီးဆုံး သတ်မှတ် ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ် များသို့သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
သတင်းစဉ်