Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် တာဝန်ခံများနှင့်တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂၇

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန် ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် တာဝန်ခံများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် (၆) လ တစ်ခါအလှည့်ကျ တာဝန်ထမ်းဆောင်ခြင်းဖြစ်၍ အတွေ့အကြုံရှိသည့် အရာထမ်းများကို စေလွှတ်ထားခြင်း ဖြစ်ကြောင်း၊ ယခုကာလသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျော့နည်းနေသော်လည်း ကျန်းမာရေးကိစ္စကို အထူးသတိထားရန်လိုကြောင်း၊ မိမိသွားရောက်ရမည့် စခန်း၏ နယ်မြေလုံခြုံရေးကိစ္စများမှာလည်း အထူးအရေးကြီးပါကြောင်း၊ မိမိစခန်းအတွင်း ထူးခြားဖြစ်စဉ်များ ရှိပါက အချိန်နှင့်တစ်ပြေးညီ အထက်သို့တင်ပြရန် လိုကြောင်း၊ ကုန်သွယ်ရေးစခန်း၊ ပို့ကုန် သွင်းကုန်ရုံးများသို့ သွားရောက်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိဌာန၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ပြောင်းလဲဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများအား သိရှိ နားလည် သဘောပေါက်အောင် လေ့လာထားရန်လိုအပ်ကြောင်း၊ တွေ့ကြုံရသည့် အခက်အခဲ များကို အထက်အကြီး အကဲများသို့ တင်ပြရန်လိုကြောင်း၊ OSS တွင်ပါဝင်သည့် ဌာနများနှင့် စုပေါင်းဆောင်ရွက်ရမည့် ကိစ္စများကို အပြန်အလှန်သတင်းပေးပို့ စုပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်တွင် စတင်ဆောင်ရွက်မည့် သွင်းကုန် လိုင်စင်နှင့် ပတ်သက်သည့် ပြောင်းလဲထားရှိမှုများကို အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ကုန်သည်များဘက်မှလည်း နစ်နာမှုများမရှိရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်များနှင့် ပတ်သက်၍လည်း နောက်ဆုံးပြောင်းလဲထားသည့် မူဝါဒများအတိုင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်မှချမှတ်ထားသည့် ကုန်သွယ်မှု ပမာဏ ပြည့်မီကျော်လွန်စေရေး အထူးအလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)