ရန်ကုန် ဒီဇင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ ရုက္ခဗေဒဌာနနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဗဟိုဌာနတို့တွင် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ (၂၁) ကြိမ်မြောက် သုတေသန ညီလာခံ စာတမ်းဖတ်ပွဲ များကို လှည့်လှည်ကြည့်ရှုသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များဗဟို စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်ဥပဓိရုပ်ကောင်းမွန်ရေး၊ ပေစာ၊ ပရပိုဒ်များ ကြာရှည်ခံအောင် ထိန်းသိမ်းရန်အတွက် Scanner စက်ပစ္စည်းများ ဖြည့်ဆည်းရေး၊ ပရိဘောဂများ ဖြည့်ဆည်းရေး၊ ဒစ်ဂျစ်တယ်စာကြည့်တိုက် အဆင့်မြှင့်တင်ရေးတို့အတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဗဟိုဌာနတို့တွင် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ (၂၁) ကြိမ်မြောက် သုတေသနညီလာခံ စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များ သုတေသန စာတမ်းဖတ်ကြား ဆွေးနွေးနေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဗဟိုဌာနတွင် ဖွင့်လှစ်ထားသော ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းပညာဌာနနှင့် ပတ်ဝန်းကျင်ရေပညာဌာနတို့ရှိ သုတေသန ညီလာခံခန်းမများ၊ သုတေသနဆွေးနွေးပွဲ ခန်းမငယ်များ၊ သုတေသန ဓာတ်ခွဲခန်းများနှင့် စာသင်ခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)