ရန်ကုန် ဒီဇင်ဘာ ၂၆
ကုန်စည်များ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်စေရန် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ပေါင်းကူးဆက်သွယ်ထားသော ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန် - ညောင်တုန်းလမ်းတို့ကို ရန်ကုန်ပြည်လမ်း အမှတ် (၁) လမ်းကဲ့သို့ ယာဉ်လမ်းအန္တရာယ်လုံခြုံမှုရှိစေရန်နှင့် သန့်ရှင်းသာယာလှပစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန် - ညောင်တုန်း လမ်းတို့သည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ကို ဖြတ်၍ဖောက်လုပ်ထားသော ခြောက်လမ်းသွား ကွန်ကရစ်လမ်းမကြီးဖြစ်ပြီး စီးပွားရေးအရ အရေးပါသော လမ်းမကြီးတစ်ခုလည်းဖြစ်သည်။
အများဆုံးလုပ်ကိုင်နေ
လှိုင်သာယာမြို့နယ်သည်လူဦးရေအထူထပ်ဆုံး နှင့် စက်မှုဇုန်ကြီးများစွာ တည်ရှိရာ စက်မှုလက်မှု မြို့သစ်များဖြစ်ပြီး ပုဂ္ဂလိကတိုင်းရင်းသားလုပ်ငန်း ရှင်များနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် အများဆုံးလုပ်ကိုင်နေသောနေရာဖြစ်သည်။ လူဦးရေ များပြားလာ၍ လှိုင်သာယာအရှေ့ပိုင်း မြို့နယ်နှင့် အနောက်ပိုင်းမြို့နယ်အဖြစ် ခွဲခြားသတ်မှတ်ထားပြီး ယင်းမြို့နယ်နှစ်ခုအတွင်း ဖြတ်သန်းနေသော ရန်ကုန်ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းတို့၏ လမ်းဘေးဝဲယာ ရေစုကန်သည် ကျုံးရေသဖွယ် တည်ရှိနေရာ ရေစုကန်ရေမြောင်းကို အစဉ်သန့်ရှင်း ကြည်လင်သာယာစေရန် သဘာဝရေဝေရေလဲ တစ်ခုအဖြစ် တည်ဆောက်ပြုပြင်ထိန်းသိမ်းရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ အဆိုပါလမ်းမကြီးဘေးဝဲယာရှိ တရားမဝင်ကျူးကျော်မြေနေရာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ရှင်းလင်းခဲ့သဖြင့် လမ်းဘေးဝဲယာရှိအနက်ခြောက်ပေ၊ အကျယ် ပေ၃ဝ
ရှိ ရေစုကန်များလည်း မူလအတိုင်း ပေါ်လွင်စွာ ထွက်ပေါ်လာရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်ရှိ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ရေစီးရေလာ စီမံခန့်ခွဲရေးဌာန စသည့်ဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လမ်းဘေးဝဲယာရှိ ရေစုကန်နေရာကို သတ်မှတ်ဧရိယာအတိုင်း ပေါ်ထွက်လာရန် ဖုန်းနှင့် အမှိုက်များရှင်းလင်းခြင်း၊ ရေဆိုးထွက်ပေါက်များပြုပြင်ခြင်း၊ လူသွားစင်္ကြံလမ်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ဘတ်စ်ကား မှတ်တိုင်ပတ်ဝန်းကျင်သာယာလှပစေရန် မြက်ခင်း ပန်းအလှနှင့်အရိပ်ရပင်များ စိုက်ပျိုးခြင်း၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစေရန် လမ်းညွှန်ဆိုင်းဘုတ်များ ပြုပြင်ခြင်း၊ လမ်းအမှတ်အသားဆေးလိုင်းအသစ်များ ရေးဆွဲခြင်းများအပြင် အမှိုက်ကင်းရှင်းစေရန် နံနက် ၄ နာရီမှ ၆ နာရီအတွင်း လင်းပြောင်စနစ်ကျင့်သုံး၍ သန့်ရှင်းရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
သတင်းနှင့်ဓာတ်ပုံ - စောသိန်းဝင်း