နေပြည်တော် ဒီဇင်ဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲ တတိယနေ့ အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် နိုင်ငံရေးပါတီ အစုအဖွဲ့ (၆)ဖွဲ့၏ ဒီဇင်ဘာ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နှစ်ရက်တာ ဆွေးနွေးချက်များအရ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးအတွက် အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲ ဒီဇိုင်းစာတမ်းများကို အစုအဖွဲ့ (၆)ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးစီက ဖတ်ကြားတင်ပြသည်။
ပြည်သူ့လွှတ်တော်အတွက် အဖွဲ့(၁)မှ ပြုစုထားသောစာတမ်းကို တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဦးထွန်းရီ က ကိုယ်စားပြုဆွေးနွေးဖတ်ကြား တင်ပြရာတွင် မဲဆန္ဒရှင်များ အတွက်နှင့် မဲရေတွက်သူများအတွက်ပါ အခက်အခဲအနည်းဆုံးဖြစ်မည့် “စာရင်းပိတ်စနစ် (Closed List PR)” ကို ကျင့်သုံးသင့်ကြောင်း၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများ သတ်မှတ်ရာတွင် အငြင်းပွားမှုများဖြစ်ပေါ်လာနိုင်သည့် လူဦးရေအပေါ်အခြေမခံဘဲ မြို့နယ်ကိုအခြေခံ တွက်ချက်ခြင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ယခင်ကရရှိခဲ့သည့် ကိုယ်စားလှယ်ဦးရေ များအတိုင်း ခွဲဝေသတ်မှတ်သင့်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရရှိသည့် ကိုယ်စားလှယ်ဦးရေအပေါ်မူတည်၍ မဲဆန္ဒနယ်မြေများသတ်မှတ်ရာ၌မူ တတ်နိုင်သမျှ လူဦးရေ အချိုးအစားညီမျှရေးကို ထည့်သွင်းစဉ်စား ဆောင်ရွက်သင့်ပါကြောင်း။
ပါတီများအတွက် အနိမ့်ဆုံးဝင်ပေါက်အချိုးစံ (Threshold) သတ်မှတ်ရာတွင် မြင့်လွန်း ခြင်းနှင့်နိမ့်လွန်းခြင်း အစွန်းတရားများကို ရှောင်ရှားပြီး ထောက်ခံမဲအပေါ်မူတည်၍ ကိုယ်စားလှယ်သတ်မှာရာတွင် တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံတွက်ချက်ခြင်းမဟုတ်ဘဲ မဲဆန္ဒနယ် တစ်ခုချင်းအလိုက် ဆောင်ရွက်သင့်ပါကြောင်း၊ မဲရေတွက်ပုံနည်းလမ်းအဖြစ် (Closed List PR) တွက်ချက်မှုစနစ်ဖြစ်သည့် အများဆုံးအကြွင်းကိန်းနည်းကို လက်ခံကျင့်သုံးသင့်ပါကြောင်း၊ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံရေးပါတီများအနေဖြင့် ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် နည်းလမ်းများရှာကြံ ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးတင်ပြသည်။
ပြည်သူ့လွှတ်တော်အတွက် အဖွဲ့(၂)မှ ပြုစုထားသောစာတမ်းကို ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဦးတင်ဆွေက ကိုယ်စားပြုဆွေးနွေးဖတ်ကြားတင်ပြရာတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR System) ဖြင့် ကျင်းပခြင်းကို တက်ရောက်လာသော ပါတီများအားလုံးက သဘောတူပါကြောင်း၊ Closed List ဖြင့် ကျင်းပမည်ကို သဘောတူပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၁(ဃ)တွင် “မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်” ဟု ပြဌာန်းချက်အတိုင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ သတ်မှတ်ရာတွင် မြို့နယ်များကို ခရိုင်အဖြစ် စုစည်း၍ မဲဆန္ဒနယ်သတ်မှတ်ခြင်းကို သဘောတူကြကြောင်း၊ မဲရုံတိုင်းတွင် မဲဆန္ဒရှင်ပြည်သူများမှ ၎င်းတို့ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်၏ပါတီကို မဲပေးနိုင်ရန်အလို့ငှာ၊ မဲရုံအဝတွင် ဗွီနိုင်း၊ ပိုစတာများဖြင့် ပါတီ၏အမည်အောက်တွင် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံနှင့်အမည်ကို ဖော်ပြပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ မဲဆန္ဒရှင်သည် ၎င်းကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို မျက်မြင်ကြည့်ရှု၍ လွယ်ကူစွာဖြင့် ၎င်းကိုယ်စားလှယ်လောင်း၏ပါတီအား မဲပေးနိုင်မည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်နိုင်ရန် ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။
အမျိုးသားလွှတ်တော်အတွက် အဖွဲ့ (၃) မှ ပြုစုထားသောစာတမ်းကို လူထုပါတီမှ ဦးပါစီပြည်ဟိန်း က ကိုယ်စားပြုဆွေးနွေး ဖတ်ကြားတင်ပြရာတွင် မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပရမည့် လွှတ်တော်သုံးရပ် ရွေးကောက်ပွဲများတွင် "စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်" (Closed List – PR) ကို ကျင့်သုံးရန် အသင့်မြတ်ဆုံး ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်း အချိုးကျကိုယ်စားပြုစနစ်ကို တွင်ကျယ်စွာ ကျင့်သုံးနေပြီ ဖြစ်ပါကြောင်း၊ မဲဆန္ဒနယ်များသတ်မှတ်ရာ၌ ခရိုင်များကို အခြေပြု သတ်မှတ်ခြင်းသည် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်အတွက် သင့်တင့်လျောက်ပတ်သော အရွယ်အစား (Suitable Size) ဖြစ်သည်ဟု အခိုင်အမာ ယူဆပါသဖြင့် ထိုသို့ သတ်မှတ်ပေးရန် ဖြစ်ပါကြောင်း၊ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦး အနည်းဆုံးရရှိရမည့် ခိုင်လုံမဲအရေအတွက် ပမာဏကို ကြိုတင်သတ်မှတ်ထားပြီး ထိုသတ်မှတ်ချက်အရ ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အရေအတွက် ပြည့်မီခြင်းမရှိသေးပါက လိုအပ်နေသေးသည့် ကိုယ်စားလှယ်အရေအတွက် ပေါ်ပေါက်နေလျှင် ထိုပေါ်ပေါက်ချက်အား ပိုလျှံမဲ (သို့မဟုတ်) အကြွင်းကျန်မဲ အများဆုံး ရရှိသည့်ပါတီ (တစ်သီးပုဂ္ဂလအပါအဝင်) ကို အများဆုံးကြွင်းကျန်မဲ တွက်ချက်မှု ဖော်မြူလာဖြင့် တွက်ချက်ရရှိသည့် ကိုယ်စားလှယ်ကို ထပ်တိုးကိုယ်စားလှယ်အဖြစ် ပေါင်းစပ်ထည့်သွင်းပေးခြင်း နည်းစနစ် ကျင့်သုံးရန်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။
အမျိုးသားလွှတ်တော်အတွက် အဖွဲ့ (၄) မှ ပြုစုထားသောစာတမ်းကို ပြည်သူ့ရှေ့ဆောင် ပါတီမှ ဒေါက်တာမျိုးဆက်သွေး က ကိုယ်စားပြုဆွေးနွေး ဖတ်ကြားတင်ပြရာတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR System) ကျင့်သုံးရေးအတွက် သဘောတူပါကြောင်း၊ Closed List – PR System ကို စတင်အသုံးပြုသင့်ပြီး မဲဆန္ဒရှင် ပြည်သူများ၏ ပညာတတ်မြောက်မှုနှင့် နိုင်ငံရေး ရေချိန် မြင့်တက်လာမှု အခြေအနေတစ်ရပ်သို့ ရောက်ရှိချိန်မှသာလျှင် Open List – PR System သို့မဟုတ် အခြား PR System Design များကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ဒေသများအတွက် လွှတ်တော်ကိုယ်စားလှယ်များကိုမူ မဲအများဆုံးရသူ အနိုင်ရသည့် စနစ် (FPTP) ဖြင့်သာ ကျင့်သုံးသင့်ကြောင်း။
မဲဆန္ဒနယ်သတ်မှတ်ရာတွင် တိုင်းဒေသကြီး /ပြည်နယ်များ၏ ပထဝီအနေအထား ကွာခြားမှုအရ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုအတွက် အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ်မြေ မည်မျှဖြစ်သင့်သည်ဟု တစ်ပြေးညီသတ်မှတ်ခြင်းမပြုဘဲ ခရိုင်များကို အခြေခံ၍ မဲဆန္ဒနယ် စုစုပေါင်း (၃၆) နယ် သတ်မှတ်သင့်ပါကြောင်း၊ PR System အရ ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက် ဆိုးကျိုးဖြစ်သော ပါတီများဖောင်းပွလာနိုင်မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေ ဖြင့်သော်လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့်သော်လည်းကောင်း ကန့်သတ်ရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြသည်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် အဖွဲ့(၅)မှ ပြုစုထားသောစာတမ်းကို ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းသိုက်သိုက်ဝင်းကျော် က ကိုယ်စားပြုဆွေးနွေး ဖတ်ကြား တင်ပြရာတွင် မဲဆန္ဒရှင်များ၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသားလူနည်းစုများ အားလုံးပါဝင်နိုင်ပြီး တစ်ပါတီကြီးစိုးမှုကိုပါ ကန့်သတ်နိုင်သော အချိုးကျကိုယ်စားပြုစနစ် (PR System) ကို ပြောင်းလဲကျင့်သုံးသင့်ပါကြောင်း၊ အချိုးကျကိုယ်စားပြုစနစ် (PR System) ကို ပြောင်းလဲကျင့်သုံးရာတွင် Closed List PR စနစ်ကို ရွေးချယ်ကျင့်သုံးသင့်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်သတ်မှတ်ရာတွင် သာမန်အားဖြင့် ခရိုင်တစ်ခုလျှင် မဲဆန္ဒနယ် (၁) ခု သတ်မှတ်သင့်ပါကြောင်း၊ သို့ရာတွင် လူဦးရေ သိပ်သည်းဆများသည့်ခရိုင် (သို့မဟုတ်) မြို့နယ်အရေအတွက် များပြားသည့် ခရိုင်ဖြစ်ပါက မဲဆန္ဒနယ် (၁) နယ်ထက်ပို၍ သတ်မှတ်ရန် လိုအပ်ပါကြောင်း၊ ၁၀ မြို့နယ်နှင့် ယင်းအောက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် မဲဆန္ဒနယ် (၁)နယ်သာ သတ်မှတ်သင့်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ရာ၌ FPTP စနစ်ကိုသာ အသုံးပြုရန် အကြံပြုလိုပါကြောင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင် ထားသူကိုသာလျှင် ဆန္ဒမဲပေးခွင့်ပြုရန် ဖြစ်ပါကြောင်း၊ နိုင်ငံပြင်ပကြိုတင်မဲ၊ မြို့နယ်ပြင်ပ ကြိုတင်မဲနှင့် ရပ်/ကျေးကြိုတင်မဲများကို ရွေးကောက်ပွဲကျင်းပ သည့်နေ့မတိုင်မီ သတ်မှတ်ထား သည့်နေ့ရက်များတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ အသိသက်သေများ၏ ရှေ့မှောက်၌ ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်ရေတွက်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးသင့်ပါကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် အချိုးကျ ကိုယ်စားပြုစနစ် (PR System) ဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲဆန္ဒရှင်လုပ်သားပြည်သူများ နားလည်သဘောပေါက်ကြစေရန် အဆင့်ဆင့်သောသင်တန်းများ ဖွင့်လှစ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးတင်ပြသည်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် အဖွဲ့(၆)မှ ပြုစုထားသောစာတမ်းကို ဒီမိုကရေစီပါတီ သစ် (ကချင်) မှ ဦးခေါတိန့်က ကိုယ်စားပြုဆွေးနွေး ဖတ်ကြားတင်ပြရာတွင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲများကို Closed List – PR စနစ်ကို ကျင့်သုံးရန် မဲရလဒ်များတွက်ချက်ခြင်းကို ကြွင်းကျန်မဲအများဆုံးစနစ် (Largest Remainder Formula) ကို ကျင့်သုံးရန်၊ မဲဆန္ဒနယ်သတ်မှတ်ရာတွင် မြို့နယ်အလိုက်၊ ခရိုင်များအလိုက် သတ်မှတ်ခြင်း မပြုဘဲ မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်ပြီး ကိုယ်စားလှယ်နှစ်ဦးစီကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များအတွက် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ဖြင့်သာ ရွေးကောက်တင်မြှောက်ရန် ဆွေးနွေး တင်ပြသည်။
အစီအစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယခုတစ်ကြိမ် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရာမှာ ပါတီများအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အသီးသီးအတွက် အစုအဖွဲ့ (၆) ဖွဲ့ ဖွဲ့စည်းပြီး ပြောင်းလဲလာသည့် ခေတ်ကာလအခြေအနေအရ လွှတ်တော်များတွင် ကျင့်သုံးဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲစနစ်များကို အချိန်ယူကာ အသေးစိတ်ညှိနှိုင်း တိုင်ပင်ဆွေးနွေးပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန်နှင့် ဥပဒေပြုနိုင်ရန်အတွက် ရွေးကောက်ပွဲများ ကျင်းပဆောင်ရွက်ကြရာတွင် ရွေးကောက်ပွဲ စနစ်နှင့်ဒီဇိုင်း က အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲနယ်မြေများကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ပြီး မဲဆန္ဒရှင်များ၏ ဆန္ဒနှင့်အညီ အချိုးကျ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ပေးခြင်းဖြင့် အရည်အချင်းရှိသည့် လွှတ်တော်ကိုယ်စားလှယ်များရရှိကာ ပေါင်းစပ်ညှိနှိုင်းမှု ပိုမိုအားကောင်းပြီး နိုင်ငံရေး တည်ငြိမ်ခိုင်မာမှုရှိသည့် ပါတီစုံဒီမိုကရေစီစနစ် ဖွံ့ဖြိုးလာမှာဖြစ်ပါကြောင်း။
ပါတီများအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အတွင်းက လုပ်ဆောင် နိုင်သည်များကို PR စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အများအကျိုး ရေရှည်အကျိုးရှေ့ရှုပြီး ဆွေးနွေး ပေးကြခြင်းဖြစ်သည့်အတွက် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို အကောင်းဆုံး ဆောင်ရွက်ကြ ခြင်းဖြစ်ပါကြောင်း၊ ယခု ဆွေးနွေးချက်များကို လေ့လာကြည့်ရာတွင် အများစုအနေဖြင့် လွှတ်တော်သုံးရပ်တွင် PR စနစ်ကို ကျင့်သုံးရာ၌ စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List - PR) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ မဲဆန္ဒနယ်များ ခွဲဝေသတ်မှတ်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ် ပေးရန် ပြဋ္ဌာန်းထားပါကြောင်း၊ မဲပေးရာတွင် မဲရုံတိုင်း၌ မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့ ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်၏ ပါတီအား မဲပေးနိုင်ရန် မဲရုံအဝတွင် ဗီနိုင်း ပိုစတာများဖြင့် ပါတီ၏ အမည်အောက်တွင် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံနှင့် အမည်ကို ဖော်ပြသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊
လွှတ်တော်ရွေးကောက်ပွဲများကို မဲအများဆုံးရသူ အနိုင်ရသည့် (FPTP) စနစ်မှ အချိုးကျ ကိုယ်စားပြုစနစ် (PR) သို့ ပြောင်းလဲ ဆောင်ရွက်နိုင်ရန် ယခု ဆွေးနွေးချက်များအပေါ် မူတည်၍ မိမိနိုင်ငံနှင့် သင့်လျော်ပြီး ဥပဒေနှင့်လည်း ညီညွတ်မှုရှိစေရန်အတွက် ပြန်လည်ဆွေးနွေး တိုင်ပင်ပြီး ပြင်ဆင်ရန်လိုအပ်သည့် ဥပဒေများကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီများနှင့် လက်တွဲပြီး လာမည့်ရွေးကောက်ပွဲကို တိုင်းရင်းသားလူမျိုးစုများ၊ နိုင်ငံရေးပါတီငယ်များ၊ ယင်းတို့ကို ထောက်ခံ သည့် ဆန္ဒမဲများအရ ပါဝင်လာနိုင်ပြီး မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ရွေးချယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံရေးပါတီ (၆၂)ပါတီမှ ကိုယ်စားလှယ် (၁၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)