နေပြည်တော် ဒီဇင်ဘာ ၂၆
သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာတွင် ငွေကျပ်သိန်း ၃,၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် ည ၁၂ နာရီတွင် သာစည်မြို့နယ်၊ ကလော-သာစည်သွားကားလမ်း၊ ကျွဲတပ်ဆုံကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကလောမှ သာစည်ဘက်သို့ စောသူရအောင် မောင်းနှင်လာသည့် FUSO ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ တန်ဖိုးငွေကျပ်သိန်း ၃,၁၀၀ ကျော်တန်ဖိုးရှိ ဘိန်း ၃၅၄ ကီလိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)