Skip to main content

မကွေးတိုင်းဒေသကြီးမှ နှစ်စဉ်ပျားရည်တန်ချိန် ၂၀၀ ခန့် ထွက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပျား မွေးမြူရေးလုပ်ငန်းများမှ နှစ်စဉ် ပျားရည်တန်ချိန် ၂၀၀ ခန့် ထွက် ရှိကြောင်း မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

“ကျွန်တော်တို့ တိုင်းဒေသကြီး အတွင်းမှာ ပျားမွေးမြူရေးလုပ် တဲ့ လုပ်ငန်းရှင် ၇၀ကျော်လောက် ရှိပါတယ်။ ပျားအုံပေါင်းက ၁၂၀၀၀ ကျော်ရှိပြီးတော့ စလင်း၊ ပွင့်ဖြူ၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ နတ်မောက်နဲ့ မင်းဘူးမြို့နယ်တွေ မှာ မွေးမြူမှုများတယ်။ ကျွန်တော် တို့ဌာနအနေနဲ့ ပျားမွေးမြူရေး လုပ်ငန်းရှင်တွေကို ပျားအုံ ကိုင်တွယ်ထိန်းသိမ်းမှု၊ ဖျားရောဂါ ကာကွယ်ကုသမှု၊ ပျားရည်ထုတ် လုပ်မှုစတဲ့ နည်းပညာ အထောက် အကူပြုသင်တန်းတွေ ဖွင့်လှစ်ပြီး ကူညီ ဆောင်ရွက်ပေးလျက်ရှိပါ တယ်”ဟု မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဦးစီးအရာရှိဦးကျော်ဌေးက ပြောသည်။

မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျား မွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲအနေဖြင့် ပျားမွေးမြူရေး အတတ်ပညာများ ကို ပြည်သူလူထုအတွင်း ပြန့်ပွား စေရန်နှင့် သီးနှံစိုက်ပျိုးသော ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိသည်။

“ကျွန်တော်တို့ လုပ်ငန်းကနေ နှစ်စဉ် ပျားရည် ၁၀ တန်ကျော် ထွက်ရှိပါတယ်။ ပျားမွေးမြူရေး လုပ်ငန်းဟာ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မွေးမြူထုတ်လုပ်ရရှိတဲ့ ပျားရည်ကို ကုန်ကြမ်းအဖြစ်ပဲ အခုတော့ ရောင်းချတယ်။ ပိုပြီးတော့ စီးပွားရေးအရ အဆင်ပြေ စေဖို့ တန်ဖိုးမြှင့်ထုတ်ကုန် အနေနဲ့ရောင်းချနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ကိုယ်တိုင်လည်း ကြိုးစားနေပြီး နိုင်ငံတော်အနေနဲ့လည်း ကူညီပေး စေချင်ပါတယ်”ဟု ပျားမွေးမြူ ရေးလုပ်ငန်းရှင် ဦးအောင်မင်းက ပြောကြားသည်။

အောင်မင်းဟန်(သတင်းစဉ်)

ဓာတ်ပုံ-နေသစ်