မန္တလေး ဒီဇင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက် ပြည်ထောင်စုရန်ပုံငွေဖြင့် အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာ အားကစားကွင်းတွင် ပွဲကြည့်စင်တည်ဆောက်မည့် ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့ကြောင်း သိရသည်။
အားကစားကဏ္ဍကိုအားပေးနေ
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစား အဆင့်အတန်း မြင့်မားလာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူမျိုးတစ်မျိုးလုံး၏ ကျန်းမာရေးနှင့် စည်းလုံးညီညွတ်ရေးကို အခြေခံပြီး အားကစားကဏ္ဍကို အားပေးနေခြင်းဖြစ်ကြောင်း၊ အားကစားတိုးတက်ရန်အတွက် ဟန်ချက်ညီသည့် အဆောက် အအုံများ၊ အားကစားအထောက်အကူပြု ပစ္စည်းများရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မင်္ဂလာအချိန်တွင် တစ်ပြိုင်တည်း ပန္နက်တင်ခြင်း ဆောင်ရွက်ခဲ့ကြသည်။
အပြီးတည်ဆောက်
အောင်မြေမန္တလာ အားကစားကွင်းအတွင်း အနောက်ဘက် အထူးတန်း ပွဲကြည့်စင် ပေ (၄၈၀ x ၆၀) RC အမိုးပါ နှစ်ထပ်အဆောက်အအုံကို Design Mandalay ဆောက်လုပ်ရေးကုမ္ပဏီ ကလည်းကောင်း၊ အရှေ့ဘက်ပွဲကြည့်စင်ပေ (၄၄၀x၃၅)RC အမိုးမပါ နှစ်ထပ် အဆောက်အအုံကို မန်းမြင့်မိုရ်ဟိန်း ဆောက်လုပ်ရေးကုမ္ပဏီကလည်းကောင်း၊ မြောက်ဘက် ပွဲကြည့်စင် ပေ (၂၈၀ x ၃၅ ) RC အမိုးမပါ နှစ်ထပ် အဆောက်အအုံကို Mandalay Crown ကုမ္ပဏီတို့က လည်းကောင်း၊ မီတာ ၄၀၀ရော်ဘာပြေးလမ်းခင်းခြင်း နှင့် ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို Art wave ကုမ္ပဏီကလည်းကောင်း သတ်မှတ်ကာလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်