Skip to main content

ပဲခူးမြို့နယ် တောင်ဆက်အင်းကျေးရွာအနီးရှိ ဝါးကတုတ်ရေလှောင်တမံတွင် ရေပေါ်လှောင် အိမ်စနစ်ဖြင့် မွေးမြူထားသော ရေချိုငါးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တောင် ဆက်အင်းကျေးရွာအနီးရှိ ဝါးကတုတ် ရေလှောင်တမံတွင် ရေပေါ်လှောင်အိမ်စနစ်ဖြင့် မွေးမြူထားသော ငါးခုံးမကြီး၊ တီလားပီးယားနှင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ကြပြီး ရေပေါ်လှောင်အိမ် ငါးမွေးကန်အတွင်း ငါးသားပေါက်များ ထည့်သွင်းပေးကြသည်။

သိန်း တစ်ထောင်ကျော်

ထို့နောက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းရှင် များအသင်း တာဝန် ရှိသူများနှင့်တွေ့ဆုံ၍ ပြည်သူများ ငါးသယံဇာတများကို အခြေခံသည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိရေးတို့အတွက် သဘာဝမြစ်ချောင်းများနှင့် ဆည်၊ ကန်များအတွင်းသို့ နှစ်စဉ်ငါးသားပေါက်များ မျိုးစိုက်ထည့် ပေးလျက်ရှိရာ ယခုနှစ်တွင် ရှင်သန်နှုန်း ပိုမိုကောင်းမွန်သည့် နှစ်လက်မအရွယ် ငါးသား ပေါက်ကောင်ရေ သိန်းတစ်ထောင်ကျော် ငါးမျိုးစိုက်ထည့်ပေးနိုင်ခဲ့သဖြင့် မူလလျာထားချက်ထက် ကျော်လွန်ဆောင်ရွက်ပေး နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၌ ငါး၊ ပုစွန်၊ ကဏန်းမွေးကန် ဧကပေါင်း ငါးသိန်းခန့် လုပ်ကိုင် ဆောင်ရွက်နေသော်လည်း ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုဖြစ်စေရေးအတွက် မွေးမြူထုတ်လုပ်မှု တိုးချဲ့ရေး၊ ကောင်းမွန်သော ငါးမွေးမြူရေးစနစ် GAqP လိုက်နာကျင့်သုံးမှု တိုးပွားလာရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အကန့်အသတ် များရှိနေပြီး အရင်းအနှီးစရိတ်များပြားသည့် ငါးကန်များ တူးဖော်လုပ်ကိုင်ခြင်းအစား အခြေအနေ ပေးသည့် သဘာဝရေပြင်ကျယ်များတွင် ရေပေါ်လှောင်အိမ်စနစ်ဖြင့် ရေချိုငါး၊ ပုစွန်မွေးမြူလုပ်ကိုင် နိုင်ရန် ပညာပေးဆောင်ရွက်လျက်ရှိပြီး ဒေသခံများ ဦးစားပေးလုပ်ကိုင်နိုင်ရေး၊ လုပ်ငန်းရှင်များ ရင်းနှီး မြှုပ်နှံလုပ်ကိုင်နိုင်ရေးတို့ကိုလည်း စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်သူအားလုံးက ပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှော်ကားငါးလုပ်ငန်းစခန်း သို့ ရောက်ရှိကြပြီး (GAqP) စနစ် ငါးမွေးမြူရေးကန် တည်ဆောက်မည့် အခြေအနေနှင့် ဒေသနှင့် ကိုက်ညီသည့် ပြည်တွင်း ပြည်ပငါးမျိုးသစ်များ သားဖောက်ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်များ သုတေသနပြု ဖော်ထုတ်၍ သားဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေငန်ငါး နမူနာရုပ်ကြွင်းပြခန်း၊ ဝေလငါးပြာအရိုးစုနှင့် ရေချို ငါးနမူနာ ရုပ်ကြွင်းပြခန်းများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

အလားတူ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် ငါးလုပ်ငန်း အတတ်သင် သိပ္ပံကျောင်း၏ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများ၊ အိပ်ဆောင်များနှင့် စားရိပ်သာများ တည်ဆောက် ပြီးစီးမှုနှင့် ကျောင်းဖွင့်ရာသီအမီ ကြိုတင်ပြင်ဆင် ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ် (၉)မိုင်ရှိ ဆည်မြောင်းနှင့်ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာန တည်ဆောက်ရေး (၉) အစည်းအဝေးခန်းမ၌ တိုင်းအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန် ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်က ချမှတ်ထားသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများအပေါ် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်