Skip to main content

ကုန်စည်စီးဆင်းမှုမှန်ကန်ရေး ဝိုင်းဝန်းဆောင်ရွက်

စားသုံးသူအကာအကွယ်ပေးရေးသည် ပြည်သူများ လုံခြုံစိတ်ချမှန်ကန်စွာ သုံးစွဲနိုင် ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန် များထက် ပြည်ပသွင်းကုန် များကို ပိုမိုအားထားလျက်ရှိရာ ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှန်ကန်ရေးကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပြည်ပသွင်းကုန်လူသုံးကုန်ပစ္စည်းအများစုကို နယ်စပ် ကုန်သွယ်ရေးမှ အဓိက တင်သွင်းလျက်ရှိပြီး တရားမဝင်ကုန်သွယ်မှုများကို တားဆီးထိန်းသိမ်း ဆောင်ရွက် လျက်ရှိသည်။

ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှု၊ ဈေးနှုန်းတည်ငြိမ်မှုတို့သည် စားသုံးသူများနှင့် တရားဝင်ကုန်သည်တို့ အတွက် အရေးကြီးသောအချက်ဖြစ်၍ ယင်းကိုမှန်ကန်အောင်ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုသည် ကြီးမားသောအဟန့်အတား ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအနေဖြင့် အစိုးရ၏မူဝါဒ၊ ရောင်းလိုအားနှင့်ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုရှိသည့်ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်အညွှန်း ကိန်းလေး ခုဖြင့် တရားမဝင်ကုန်သွယ်မှုအခြေအနေကို တိုင်းတာကြရာ ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှုအညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံ ၈၄ နိုင်ငံအနက် အဆင့် ၈၂ နေရာတွင် ရပ်တည်နေသည်ကို တွေ့ရသည်။

“တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့်အချက်များထဲမှ အဓိကအချက် တစ်ခုဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသမျှ တရားဝင်လုပ်ကိုင်သော လုပ်ငန်းများကို အဟန့်အတားဖြစ်စေကြောင်း၊ နယ်စပ်ကုန်သွယ်မှုပမာဏလျော့ကျ ခြင်းသည် တရားမဝင်ကုန်သွယ်မှုနှင့် ဆက်စပ်နေသည်ကို တွေ့ရှိရကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ (၁/၂၀၂၁) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းနှင့် မြဝတီ-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတို့တွင် ကုန်ပစ္စည်းများ တရားမဝင်သယ်ဆောင်မှုများကို နေ့စဉ် တားဆီးစစ်ဆေးလျက်ရှိသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငါးနှစ်တာကာလအတွင်း မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းမှ အမှုတွဲ ၄၀၉၂ မှု၊ တန်ဖိုးငွေကျပ်သန်းပေါင်း ၁၉၂၀၆ ဒသမ ၄၉၉ သန်းနှင့် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ အမှုတွဲ ၂၇၄၉ မှု၊ တန်ဖိုးငွေကျပ်သန်းပေါင်း ၂၇၂၈၁ ဒသမ ၇၈၉ သန်း ဖမ်းဆီးရမိခဲ့သည်။ အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ယခင်ဖွဲ့စည်းထားသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များကလည်း သုံးနှစ်တာကာလအတွင်း အမှုတွဲပေါင်း ၁၀၁၉၃မှု၊ တန်ဖိုးငွေကျပ်သန်းပေါင်း ၆၉၆၆၃ သန်း ဖမ်းဆီးရမိခဲ့သည်။

မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများ အမြဲတမ်းရှိနေပြီး ယင်းတို့ ကြောင့် စီးပွားရေး အဟန့်အတားဖြစ်စေသည့်အပြင် စားသုံးသူနှင့် တရားဝင် ကုန်သည်များ အစဉ်ထိခိုက်နစ်နာမှုများ ရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဖွဲ့စည်းပြီး ပိုမိုအလေး ထားဆောင်ရွက် လျက်ရှိသည်။ လုပ်ငန်းအဖွဲ့များက စစ်ဆေးရေးစခန်းများတွင် စစ်ဆေးခြင်းအပြင် ထောက်လှမ်းရှာဖွေဖမ်းဆီးသည့်အဖွဲ့အစည်းများကို သတ်မှတ် ရာခိုင်နှုန်းဖြင့် ဆုကြေးချီးမြှင့်ခြင်း၊ သတင်းပေးသူအား ဆုကြေးချီးမြှင့်ခြင်း၊ သတင်းပေးသူမရှိပါက နိုင်ငံတော်ဘဏ္ဍာငွေသို့ ပေးသွင်း စေခြင်းကို ဆောင်ရွက်လျက်ရှိသည်။ စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ် မှုများကို စစ်ဆေးတွေ့ရှိပါက ဖော်ထုတ်ပေးခြင်း၊ ထိရောက်စွာအရေးယူပေးခြင်းဖြင့် ကုန်သည်များ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာမည်ဖြစ်သည်။

ထို့အပြင် ကုန်သွယ်မှုပမာဏတိုးတက်ကာ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများ တိုးတက်ရရှိလာမည် ဖြစ်သည်။ ကုန်သည်လုပ်ငန်းရှင်များ အနေဖြင့်လည်း ဈေးကွက်အတွင်း တရားမျှတစွာယှဉ်ပြိုင် နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ပြောင်းလဲ လာသော ခေတ်စနစ်နှင့်အညီ နိုင်ငံတော်ကကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပေးသင့်သည်များကို ဖြေလျှော့ပေးလျက် ရှိသကဲ့သို့ တစ်ဖက်တွင် တရားဥပဒေစိုးမိုးပြီး တရားမဝင်ကုန်သွယ် မှုများ၊ အခွန် တိမ်းရှောင်မှုများကို ထိရောက်စွာဆောင်ရွက်လျက်ရှိသည့်အပြင် ပင်လယ်ရေကြောင်း၊ လေကြောင်းကုန်သွယ်ရေးဘက်တွင်လည်း မလစ်ဟင်းအောင် ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၊ စားသုံးသူအကာအကွယ် ပေးရေးသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား ဖြစ်သောကြောင့် ကုန်စည် စီးဆင်းမှုမှန်ကန်ရေး၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိရေးတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တာဝန်ရှိသူများအပြင် ပြည်သူများကပါ တစ်တပ် တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။