မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှု အခြေတည်နေခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ဖြစ်သည်။ စီမံကိန်းစီးပွားရေးစနစ် ကျင့်သုံး ခဲ့သည့်ခေတ်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် မှောင်ခိုကုန်သွယ်မှုခေါ် တရားမဝင်ကုန်သွယ်မှုသည် ခေတ်စနစ်များ ပြောင်းခဲ့ပြီးသည့် နောက်တွင် လည်း ပျောက်ကွယ်မသွားဘဲ ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှု အညွှန်းကိန်းတွင် နိုင်ငံ ၈၄ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၈၂ ဖြစ်သည်။ မြန်မာအောက်မှ နိုင်ငံနှစ်နိုင်ငံမှာ အီရတ်နှင့် လစ်ဗျားတို့ ဖြစ်ရာ မိမိတို့နိုင်ငံ၏ အခြေအနေကို မှန်းဆကြည့်နိုင်သည်။
ကရားမဝင်ကုန်သွယ်မှုက နိုင်ငံကိုရော ပြည်သူလူထုကိုပါ ထိခိုက်နစ်နာစေသည်။ ဦးစွာထိခိုက်မှုမှာ နိုင်ငံတော်က ရသင့် ရထိုက်သည့် အခွန်ဘဏ္ဍာများ ဆုံးရှုံးရခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်က စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံက သွင်းကုန်ဒေါ်လာသန်း ၂၅၀၀၀ ကျော်ဖိုး တင်သွင်းကြောင်း နိုင်ငံခြားစာရင်းများက ဖော်ပြခဲ့သော်လည်း မြန်မာနိုင်ငံမှ တရားဝင်စာရင်းတွင် ဒေါ်လာသန်း ၁၈၀၀၀ ကျော်ဖိုးသာ ဖော်ပြထားရာ တရားမဝင်ကုန်သွယ်မှုသည် အနည်းဆုံး ဒေါ်လာသန်း ၆၀၀၀ ကျော်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသောနိုင်ငံ ငါးနိုင်ငံအနက် လာအိုနိုင်ငံမှလွဲ၍ ကျန်လေးနိုင်ငံဖြစ်သည့် ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့နှင့် ကုန်သွယ်ရေးစခန်းများ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် အပြန်အလှန်ကုန်သွယ်နေခြင်း ဖြစ်သည်။ ကုန်သွယ်မှုပမာဏ အများဆုံးမှာ တရုတ်နှင့်ဖြစ်ပြီး ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့က အစဉ်လိုက်ရှိသည်။ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ကုန်သွယ်မှုများတွင် မိမိဘက်မှသစ်၊ ကျောက်မျက်နှင့် ဓာတ်သတ္တုများ ထုတ်ယူမှုများရှိနေပြီး မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှု များလည်း ရှိနေသည်။
ကရားမဝင် ကုန်သွယ်မှုကြောင့် တရားဝင်ကူးသန်းရောင်းဝယ် မှုများကို ထိခိုက်နစ်နာစေသည်။ ဥပမာအားဖြင့် အမှတ်တံဆိပ်တူ၊ အမျိုးအစားတူ ကုန်ပစ္စည်းတစ်ခုကို အခွန်ဆောင်ပြီး တရားဝင် အာမခံရောင်းချသည့် ဈေးနှုန်းနှင့် မှောင်ခိုလမ်းကြောင်းမှဝင်လာပြီး အာမမခံဘဲရောင်းချသည့် ဈေးနှုန်းကိုကွာဟနေခြင်းမျိုးဖြစ်သည်။
မှောင်ခိုလမ်းကြောင်းမှ ဝင်လာသည့် ကုန်ပစ္စည်းသည် ကုန်ပစ္စည်း စစ်မှန်မှုနှင့် အရည်အသွေးတို့ အပေါ်တွင်လည်း အာမခံနိုင်ခြင်း မရှိသည့်အတွက် ဝယ်ယူသုံးစွဲသူတွင်လည်း ထိခိုက်နစ်နာမှု ဖြစ်ပေါ် စေသည်။ တစ်ဖန်ကရားမဝင်လမ်းကြောင်းမှ လူသုံး အိမ်သုံးကုန် ပစ္စည်းများ၊ စားသောက် ကုန်များ တင်သွင်းလာရာတွင် စစ်ဆေးခြင်း မရှိသည့်အတွက် ကုန်ပစ္စည်းအတု၊ ဆေးဝါးအတုများ၊ ရက်လွန် စားသောက်ကုန်များ၊ စားသုံးရန်မသင့်သည့် ကုန်စည်များလည်း ဈေးကွက်သို့ ရောက်ရှိလာသည်။ အချို့အရည်အသွေးနိမ့်ကုန်ပစ္စည်း များကို အကောက်ခွန်တိမ်းရှောင်တင်သွင်း လာကာ ပြည်တွင်းဈေးကွက်တွင် ဈေးပေါပေါဖြင့် ရောင်းချခြင်းကြောင့် ပြည်တွင်းရှိ အမျိုးတူ ကုန်ပစ္စည်းများထုတ်လုပ်နေသည့် အသေးစား၊ အငယ်စား၊ အလတ်စား စက်ရုံ အလုပ်ရုံများမှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ဘဲ လုပ်ငန်းများ ရပ်ဆိုင်းသွားရသည်။ ယင်းနှင့်ဆက်စပ်ကာ အလုပ် သမားများလည်း အလုပ်ပြုတ်သွားရသည်။ တရားမဝင် ကုန်သွယ်မှုကြောင့် လက်တစ်ဆုပ်စာ မျှသော ဝိသမလောဘသမားများနှင့် အကျင့်ပျက်ခြစားသူတို့ ချမ်းသာကြသော်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အဟန့်အတားဖြစ်စေကာ ပြည်သူကို ဆင်းရဲတွင်းနက်စေသည် ကို လေးလေးနက်နက် ရှုမြင်၍ ထိထိရောက်ရောက် တားဆီး တိုက်ဖျက်ကြရန် လိုအပ်သည်။
ကရားမဝင်ကုန်သွယ်မှုသည် ဥပဒေနှင့်ဆန့်ကျင်သကဲ့သို့ မသမာမှုလည်းဖြစ်သည်။ ကရားမဝင် ကုန်သွယ်မှု အခြေအနေ အညွှန်းကိန်းများဖြစ်သည့် အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုရှိသည့် ကုန်သွယ်မှုနှင့် အကောက်ခွန် ဆိုင်ရာလုပ်ငန်းစဉ်တို့ကို ပြုပြင် ပြောင်းလဲခြင်း၊ ဖြေလျှော့ခြင်းကို လိုအပ်သလို ခေတ်မီနည်းပညာများ အသုံးပြုစစ်ဆေးခြင်း၊ လုံခြုံမှု တိုးမြှင့်ဆောင်ရွက်ခြင်းတို့ဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို အားဖြည့်ကာ ထိထိ ရောက်ရောက် ထက်ထက်မြက်မြက် ဆောင်ရွက်နိုင်ပါစေကြောင်း။