Skip to main content

(၇၄)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၄

 (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် သန်လျင်တပ်နယ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

ထို့အတူ (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား သန်လျင်တပ်နယ် မဟာနာဝါနီကဇယမင်္ဂလာ ဗိမာန်တော်၌ ကျင်းပရာ သန်လျင်မြို့၊ မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး ဒေါ်အေးခိုင်ညွန့်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့် ဇနီးများ၊ သန်လျင်တပ်နယ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

အစီအစဉ်အရ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးနောက် သံဃာတော်အရှင် သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များအား နာယူကြသည်။ ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယကဆရာတော်ထံ မှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေကြကာ သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်