Skip to main content

ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ခရစ္စမတ်အခါသမယ

မြန်မာနိုင်ငံသည် ဘာသာရေးလွတ်လပ်မှုရှိသည့်နိုင်ငံဖြစ်သည်။ ဥပဒေများနှင့် မဆန့်ကျင်ပါက၊ တိုင်းရင်းသား လူမျိုးများနှင့် အခြားဘာသာ သာသနာများကို ထိခိုက်နစ်နာမှုမရှိပါက မိမိတို့ ကိုးကွယ်သည့် ဘာသာ သာသနာကိုလွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားသည့်နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံသားအများစုကိုးကွယ်သည့် ဗုဒ္ဓဘာသာ သာသနာနှင့်တကွ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာ သာသနာတို့အပြင် နတ်ကိုးကွယ်သော ဘာသာ တို့ကိုပါ အသိအမှတ်ပြုထားသည်။ အသိအမှတ်ပြုထားသည့် ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည် ဟုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဘာသာတရားယုံကြည်ကိုးကွယ်မှုများက လူသားတို့အတွက် အရေးကြီးသည်။ ဘာသာတရားကလူတို့၏ ကိုယ်ကျင့် တရားများကို ချမှတ်ပေးသကဲ့သို့ လူ့ယဉ်ကျေးမှုများကိုလည်း ပုံဖော်ပေး သည်။ လူသားတစ်ဦး နှင့်တစ်ဦး အကြား မေတ္တာထားရန်၊ သည်းခံ ခွင့်လွှတ်ရန်၊ ကူညီဖေးမရန်၊ သနားကရုဏာထားရန် လမ်းညွှန် ပြသပေးပြီး အမုန်းတရားနှင့် ရန်ငြိုးရန်စ အာဃာတတို့ကို စွန့်ပယ်ရန်၊ အကြမ်းဖက်မှု ဖျက်ဆီးမှု၊ သတ်ဖြတ် ညှဉ်းဆဲမှု၊ ဒုစရိုက်အစုစုတို့ကို ရှောင်ကြဉ်ရန်ဆုံးမခြင်းဖြင့် လူ့ဘောင်လောကကို ငြိမ်းချမ်းစေရန်၊ သာယာဝပြော စေရန်ဘာသာတရား အသီးသီးတို့က စောင့်ရှောက်ပေးထားသည်။

နှစ်စဉ် ဒီဇင်ဘာလ ခရစ္စမတ်အခါသမယသို့ ရောက်သည်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ယဉ်ကျေးမှု ဓလေ့ထုံးစံများအလိုက် မွေးနေ့တော်ဆိုင်ရာ ပွဲလမ်းသဘင်များကို ကျင်းပကြပြီး လူတစ်ဦးနှင့်တစ်ဦး မေတ္တာ၊ ကရုဏာတို့ကို ပြသကြသည်။

ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ကိုလည်း ပြသကြသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စသည့်ဘာသာသာသနာတို့ ရာစုနှစ်များစွာကပင် ယုံကြည် ကိုးကွယ်သူများနှင့်တကွ ရှိခဲ့ကြပြီး သဟဇာတရှိရှိ စည်းစည်း လုံးလုံး နေထိုင်ခဲ့ကြသည်။ အမိနိုင်ငံတော်၏ သမိုင်းကြောင်း တစ်လျှောက်တွင် နိုင်ငံ့အကျိုး အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည်။ ယခုနှစ် ခရစ္စမတ်ကာလတွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုတားဆီးကာကွယ်တိုက်ဖျက်ရေး၊ NUG PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို ဖော်ထုတ်တားဆီးရေးတို့အတွက် အစိုးရ၊ တပ်မတော်နှင့် အေးချမ်းတည်ငြိမ်မှု ကိုလိုလားသည့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နေကြရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီ ကယ်သီဒြယ်ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက် သလစ် ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၏ ကျောင်းတိုက်၌ကျင်းပသော ၂၀၂၁ ခုနှစ် ခရစ္စမတ် နေ့ အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်အေးချမ်းသာယာဖွံ့ဖြိုး ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာအဖွဲ့ အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများအပြင် ဘာသာရေး၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ပြည်သူလူထုတို့ကလည်း ကဏ္ဍ အသီးသီးမှ ပူးပေါင်းပါဝင်ဆောင် ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းလိုသည့်၊ ဖွံ့ဖြိုးတိုးတက် စေလိုသည့် စိတ်ဆန္ဒရှိရန် အဓိကအရေး ကြီးပါကြောင်း” ဖြင့် ဆုတောင်းစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဘာသာရေးသည် လူသားတို့အတွက် စိတ်ဝိညာဉ်ဆိုင်ရာ ယုံကြည်မှု၊ ခိုလှုံမှုဖြစ်သကဲ့သို့ပင် ကြီးမားသည့် အင်အား လည်းဖြစ်သည်။ လူသားတို့ကောင်းကျိုးအတွက် အလိုရှိအပ်သည့် ငြိမ်းချမ်းရေး၊သာယာဝပြောရေး၊ ဖွံ့ ဖြိုးတိုး တက်ရေး ဆောင်ရွက် ရာတွင် ဘာသာရေးအပိုင်းမှ ဆောင်ရွက်ခြင်းကလည်း အကျိုးကျေးဇူးကြီးမားစွာ ပေါ်ထွက် လာမည်မှာ ဧကန်မလွဲပင်ဖြစ်သည်။ ခရစ္စမတ်အခါသမယတွင် ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့်အတူ ခန္တီနှင့် မေတ္တာကို အခြေခံကာ နိုင်ငံငြိမ်းချမ်းသာယာဝပြောရေး၊ နိုင်ငံသူ နိုင်ငံသားများ နှလုံးစိတ်ဝမ်း ချမ်းမြေ့စေ ရေးဟူသော ဆန္ဒမွန်ဖြင့် အတူတကွ ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။

(မြန်မာ့အလင်း အယ်ဒီတာ့အာဘော်)