နေပြည်တော် ဒီဇင်ဘာ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝေါမြို့နယ်ဦးစီးဌာနမှူးရုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက် အောင်မြင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဝေါမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ဒေသခံ ပြည်သူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃)ရက်အထိ (၁၈)လကြာဆောင်ရွက်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃ ဒသမ ၄၉)သန်းကျော် ဆောင်ရွက်ပေးရန် လျာထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါအခြေ အနေနှင့် အချို့ ဒေသများတွင် လုံခြုံရေးအခြေအနေစသည့် အဟန့်အတားအခက်အခဲများ ကြားမှ ဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း။
ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၉၅၇၆)ကတ် လျာထားဆောင် ရွက်ခဲ့ရာ ယခုအထိ (၁၁၂၂၁၅)ကတ် ပြီးစီးနေပြီး ဝေါမြို့နယ်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၂၄၈)ကတ် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၅၄၄၅)ကတ် (၁၀၃ ဒသမ ၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ ပန်းခင်းစီမံချက်ဖြင့် လျာထားချက်ပြီး မြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင် ခဲ့သည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယင်းကာလအတွင်း အိမ်ထောင်စုလူဦးရေ စာရင်းမရှိသေး သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်း (၁၄၃၆) စုကိုလည်းထုတ်ပေးခဲ့ပြီး ဖြစ်သည်ကို တွေ့ရပါကြောင်း။
မိမိတို့ဌာန၏ လုပ်ငန်းများသည် စီမံချက်အရ လျာထားချက်ပြည့်မီသော်လည်း ပြီးဆုံးခြင်းမရှိသည့်အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေး နေရသည့်လုပ်ငန်းများဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာဆက်လက်ကြိုးပမ်း ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသ ကြီးအတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ခရိုင်နှင့် မြို့နယ်အလိုက် လုပ်ငန်းလိုအပ် ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးမှု၊ ဝေါနှင့်ပဲခူးမြို့နယ်တို့ကဲ့သို့ ကျန်မြို့နယ်အသီးသီးသည်လည်း မြို့နယ်များအလိုက် ပန်းခင်းစီမံချက် လျာထားချက် ပြီးမြောက်အောင်မြင် အောင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် သွားမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ဝေါမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာကိုယ်စား လှယ်များထံသို့လည်းကောင်း၊ စီမံချက်လျာထားချက် ပြီးမြောက် အောင်မြင်ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်း လွှာများကို ဝေါမြို့နယ်ဦးစီးမှူးထံသို့ လည်းကောင်း ပေးအပ် ကြသည်။
ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တက်ရောက်လာကြ သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
နံနက်(၁၁)နာရီတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် ပဲခူးမြို့နယ်ဦးစီးဌာနမှူးရုံး၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက် လျာထားချက် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးကြသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည် ပဲခူးမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ကာယကံရှင် ပြည်သူများထံ သို့လည်းကောင်း၊ စီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပဲခူးမြို့နယ်ဦးစီးမှူးထံသို့ လည်းကောင်း ပေးအပ်ကြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်တို့သည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာ တွင် ပထမဦးဆုံးစီမံချက် လျာထားချက် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် မြို့နယ်များဖြစ်ကြပြီ (၁၈)လကြာ ဆောင်ရွက်ရမည့် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ဝေါမြို့နယ်အနေဖြင့် (၅၂၄၈)ကတ် လျာထား ရာ ယခုစီမံချက်ကာလ (၇)လအတွင်း (၅၄၄၅)ကတ်(၁၀၃ ဒသမ ၇၅)ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ပဲခူးမြို့နယ်အနေဖြင့် (၉၉၀၆) ကတ် လျာထားရာ ယခုစီမံချက်ကာလ (၇)လ အတွင်း (၁၀၄၁၅)ကတ် (၁၀၅ ဒသမ ၁၄)ရာခိုင်နှုန်းဖြင့် လည်းကောင်း လျာထား ချက်ပြီးစီးအောင်မြင်အောင် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)