ရန်ကုန် ဒီဇင်ဘာ ၂၃
ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ကျင်းပသည်။
အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဩဂုတ် ၁၇ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် နိုင်ငံတော် ဝန်ကြီးချုပ် က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ရုံးစိုက်ရာ ဒေသဖြစ်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အလေးပေး ဆောင်ရွက် ရန်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်၊ စက်မှုဇုန်များ စံပြဖြစ် စေရေးအတွက် ကျွမ်းကျင်လုပ်သားများအား အဆင့်အလိုက် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်နှင့် အညီ NSSA မှ လုပ်ငန်း စီမံချက်ရေးဆွဲ၍ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း။
လုပ်ငန်းစဉ် အကောင်အထည်ဖော်ရန် အဓိကကျသည့် အတည်ပြုခန့်အပ်ထားသော အလုပ်အကိုင်အလိုက် Assessor များ၏ လက်ရှိ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရာတွင် ကုန်ကျစရိတ်များ ပြန်လည်ညှိနှိုင်းရန် ယနေ့အစည်းအဝေး ကို ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း။
NSSA အနေဖြင့် ၂၀၂၁-၂၀၂၂ Mini Budget တွင် အလုပ်အကိုင်များမှ လုပ်သား (၄၂၄) ဦးကို စစ်ဆေးအကဲဖြတ်ရန်လျာထားပြီး NSSA ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၌ အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ကျင်းပရခြင်းဖြစ်ကြောင်း။
NSSA မှ စစ်ဆေးနေသော အလုပ်အကိုင်များတွင် လုပ်သားအင်အား အများစု လုပ်ကိုင် နေသည့် အထည်ချုပ်အလုပ်အကိုင်ကို ဦးစားပေးစစ်ဆေးရန် လိုကြောင်း၊ လုပ်သားအင်အား ၃၀၀ အထက်ရှိသည့် အထည်ချုပ်စက်ရုံများတွင် NSSA ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး ဌာန တည်ထောင်၍ စက်ရုံရှိ ဝါရင့်ကြီးကြပ်ရေးမှူးများကို စစ်ဆေးအကဲဖြတ်သူများ၊ Chief Assessor အဖြစ် သတ်မှတ်နိုင်ရေး လေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ ဆက်လက်၍ အိမ်တွင်း လျှပ်စစ် တပ်ဆင်ရေးလုပ်သား၊ လေအေးပေးစက်တပ်ဆင် လုပ်သားများကို စစ်ဆေးပေးရန် တိုက်တွန်းလို ကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လုပ်သား ၅၀၀၀ စစ်ဆေးအကဲဖြတ်နိုင်ရန် လျာထား သတ်မှတ်ထားပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အပြင် ကျန်တိုင်း ဒေသကြီး၊ ပြည်နယ်များရှိ အလုပ်အကိုင်အလိုက် Assessment Center များတွင် လုပ်သား များ အား Skills Certificate ပေးအပ်နိုင်ရေး စစ်ဆေးအကဲဖြတ်ရေးလုပ်င န်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်၍ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးစေ လိုကြောင်း။
NSSA ၏ ရှေ့ဆက်ဆောင်ရွက်မည့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေး လုပ်ငန်းစဉ်များ တွင် လုပ်ငန်းရှင်အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်း များ၏ ပူးပေါင်းဆောင်ရွက်မှုသည် များစွာအထောက်အပံ့ ဖြစ်စေကြောင်း။
Key Player များအဖြစ် ပူးပေါင်းဆောင်ရွက်ရန် အတည်ပြုခန့်အပ်ထားသည့် Chief Assessor များနှင့် Assessor များအနေ ဖြင့် လျော့နည်းသွားသည့် အလုပ်အကိုင်အလိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် လိုအပ်ချက်များကို ဆွေးနွေးပေးရန်နှင့် အလုပ်အကိုင် အလိုက် Assessment Center တာဝန်ခံများ အနေဖြင့် လုပ်သားတစ်ဦး စစ်ဆေးအကဲ ဖြတ်ရေး ကုန်ကျစရိတ်များနှင့်ပတ်သက်ပြီး ခေတ်ကာလနှင့် ကိုက်ညီ၍ အနည်းဆုံးကုန်ကျစရိတ်ဖြစ်စေရေး တွက်ချက်တင်ပြစေလိုကြောင်း၊ အနာဂတ်တွင် လာရောက်စစ်ဆေးခံသည့် လုပ်သားများအတွက် အလုပ်ရှင်များက ကုန်ကျစရိတ်အပေါ် အချိုးကျ ကျခံနိုင်ရေး အကြံပြုတင်ပြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေး ကော်မတီဝင်များနှင့် တက်ရောက်လာသူများက ဆောင်ရွက်ချက်ကို ဆွေးနွေး တင်ပြ၍ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)