Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် Digital Transformation in Tourism: The Future of Myanmar ခေါင်းစဉ်ဖြင့်ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၃

Digital Transformation in Tourism: The Future of Myanmar ခေါင်းစဉ်ဖြင့် ပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က ယခင်က နိုင်ငံတကာဧည့်သည်များ ခရီးသွားလာရာတွင် Lonely Planet ကဲ့သို့ စာအုပ်စာစောင်များ ကိုင်ဆောင်သွားလာခဲ့ကြ သော်လည်း ယနေ့ခေတ်တွင် smart phone ထဲ၌ application များ ထည့်သွင်းအသုံးပြုပြီး မိမိသွားလိုသည့်နေရာများသို့ သွားရောက် လည်ပတ်လျက်ရှိပါ ကြောင်း၊ ဟိုတယ်တည်းခိုမှု များတွင်လည်း booking ပြုလုပ်ရာ၌ online မှ တစ်ဆင့်အသုံး ပြု၍ လုပ်ဆောင်လာကြပါကြောင်း၊ ထို့အတွက် ဒစ်ဂျစ်တယ် နည်းပညာရပ်သည် အရေးကြီး သော အခန်းကဏ္ဍတစ်ရပ်ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကူးပြောင်းကြိုးစားကြရာ တွင်လည်း နည်းပညာ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများအား စဉ်းစားသုံးသပ်ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးရန်ဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင် နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင် တို့က ကဏ္ဍအလိုက် တင်ပြကြသည်။

ဆက်လက်၍ ဆွေးနွေးမှုများအပေါ် အဖွဲ့ (၄) ဖွဲ့ခွဲ၍ Digital Infrastructure၊ Human Resources Development in Digital Age၊ Digital Services နှင့် Digital Marketing and Promotion  စသည့် ခေါင်းစဉ် (၄) ခုဖြင့် အဖွဲ့လိုက် စားပွဲဝိုင်းဆွေးနွေးမှုများကို လုပ်ဆောင်ကြပြီး အဖွဲ့ (၄) ဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် panel discussion ပြုလုပ်ကြ ပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ၏ သဘာပတိဖြစ်သူ ညွှန်ကြားရေးမှူး၊ ဦးဇေယျာ မျိုးအောင် က အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များအပေါ် အကျဉ်းချုပ်ရှင်း လင်းတင်ပြပြီး  မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးရန်ဝင်းက ဆွေးနွေးချက်ရလဒ် များအပေါ် သုံးသပ်အကြံပြုတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အလုပ်သမားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်း၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ Skilled Labor များ လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ Certificates ထုတ်ပေးရေး၊ စက်ရုံများ မှတ်ပုံတင်ရေး၊ ဥတ္တရသီရိခရိုင်နှင့် ဒက္ခိဏသီရိခရိုင်အတွင်း ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် ဟိုတယ်လုပ်ငန်းများ၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသေးစား ချေးငွေလုပ်ငန်းများ အတွက် ဝန်ဆောင်မှုဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု စစ်ဆေးအကဲ ဖြတ်ရေးလုပ်ငန်းစဉ် အသိပညာပေးပွဲ အစီအစဉ်သို့ Online မှ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် သန်း နှင့် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်တို့က မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေး ဝန်ဆောင်မှုဆိုင်ရာ အလုပ်အကိုင်များ အတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြပြီး အစည်းအဝေး သို့ တက်ရောက်လာကြသော တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)