Skip to main content

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသည်တင်မီးရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန်အတွက် မီးရထားသံလမ်းများပေါ်၌ မိုင်းထောင်ဖောက်ခွဲခြင်းပြုလုပ်

နေပြည်တော် ဒီဇင်ဘာ ၂၂

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH၊ NUG အမည်ခံအဖွဲ့များနှင့် ၎င်းတို့၏လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရန် ရည်ရွယ်ကာ မီးရထားသံလမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများကဲ့သို့ အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်လျက် ရှိပါသည်။

ထိုသို့အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့ရာတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ဘူတာမှ ထွက်ခွာလာသည့် ပခုက္ကူ-ကျွန်းချောင်း အမှတ် (၂) အစုန်ရထားသည်  နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် မီးရထားလမ်းမိုင်တိုင်အမှတ် (၄၇၄/၆-၇) ကြားအရောက်၌ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် စက်ခေါင်းမောင်း၊  အကူစက်ခေါင်းမောင်း နှင့်  လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အဆိုပါရထားစက်ခေါင်းမှာလည်း မိုင်းစထိ မှန်ပျက်စီးခဲ့ပါသည်။ ၎င်းအပြင်အခင်းဖြစ်နေရာ အနီးမှ လက်လုပ်မိုင်းတစ်လုံး၊ ဆိုင်ကယ်ဘတ္ထရီအိုးသုံးလုံး၊ ဝိုင်ယာကြိုးသုံးချောင်း၊ နှစ်ပင်လိမ်ဝိုင်ယာကြိုး တစ်ချောင်းနှင့် ကြိုးခွေတစ်ခွေတို့အားတွေ့ရှိရပြီး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့သည်။

အလားတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကန်ပေါက်ကျေးရွာအနီး ကျောက်ပန်းတောင်း-ပျဉ်းမနား မီးရထားလမ်း ကြေးနန်းတိုင်အမှတ် ၃၆၁/၁၁-၁၂ ကြားရှိ ခုံးကျော်တံတားအား အကြမ်းဖက်သူများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲမှုကြောင့် မီးရထားသံလမ်း သစ်သားဇလီဖားတုံးနှင့် သံလမ်းအဆက် တစ်ခုတို့ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် လက်လုပ်မိုင်း တစ်လုံး ထပ်မံပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားစေရန် ရည်ရွယ်ချက်ဖြင့် မီးရထားသံလမ်းများပေါ်၌ မိုင်းထောင်ဖောက်ခွဲခြင်း၊ ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည့် မီးရထားတို့အား မိုင်းဆွဲတိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်