Skip to main content

၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြသရောင်းချပွဲ အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် ဒီဇင်ဘာ ၂၂

၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြသရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒီဇင်ဘာ ၁၇ ရက်မှ စတင်ကျင်းပလာခဲ့ရာ ယနေ့တွင် ပြပွဲအောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၅၀၁) မှ (၇၈၀) အထိ ကျောက်စိမ်းအတွဲ ၂၈၀ ကို တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ အတွဲပေါင်း ၂၂၈ တွဲ ရောင်းချနိုင်ခဲ့သည်။

ယခု ပြပွဲအတွင်း ပုလဲအတွဲ ၃၃၀ နှင့် ကျောက်စိမ်းအတွဲ ၇၈၀ ကို ပြသရောင်းချပေးခဲ့ရာ ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များသည် ပြသထားသည့် ပုလဲအတွဲများနှင့် ကျောက်စိမ်း အတွဲများကို လွတ်လပ်စွာ လေ့လာကြည့်ရှုခဲ့ကြပြီး ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်စိမ်းအတွဲ ပေါင်း ၆၂၂ တွဲကို ရောင်းချပေးနိုင်ခဲ့ကြောင်း ပြပွဲဗဟို ကော်မတီထံမှ သိရသည်။

 မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပလာခဲ့ရာ နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲ ၉၅ ပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲ ၁၉ ပွဲ ကျင်းပနိုင်ခဲ့ပြီး ယခုကျင်းပသည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲသည် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ၉၆ ပွဲမြောက်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)