နေပြည်တော် ဒီဇင်ဘာ ၂၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဓိက လမ်းပန်း ဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ရသည့်ဌာန ဖြစ်ပါကြောင်း၊ ဦးစီးဌာနများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းများအား သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး အလေးထား ဆောင်ရွက်ရန် လိုပါကြောင်း၊ ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရေးအတွက် မိမိပြည်နယ် အတွင်းရှိ လမ်း၊ တံတားများ တိုးတက်ကောင်းမွန်အောင် အလေးထား ဆောင်ရွက် ပေးရန် လိုပါကြောင်း၊ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက် နိုင်ရေးအတွက် မိမိကျရာ တာဝန်များကို ကျေပွန်စွာဖြင့် စေတနာထား ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုက ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်သည့် လုံခြုံရေးကိစ္စများကို ရှင်းလင်းပြောကြားပြီး လမ်းဦးစီးဌာန၊ အဆောက်အဦဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အင်ဂျင်နီယာချုပ်တို့က သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-နမ့်ပန်-တုံဟုံး-ပင်လောင်းလမ်းကိုလည်းကောင်း၊ အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-နမ့်ပန်-တုံဟုံး-ပင်လောင်းလမ်းမှတဆင့် အောင်ပန်း-ပင်မှီ-နန်းရုတ်-အင်းတိန်လမ်း ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်း-ပင်မှီ-လယ်ကြားပေါ်ရှိ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၂) မှ တာဝန်ယူတည် ဆောက်နေသော တံတားအမှတ်(၁/၅) ကုန်းနီတံတား လုပ်ငန်းခွင်အတွင်း တံတားကမ်းကပ်ခုံ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းအတိုင်း ပြန်လည်ထွက်ခွာခဲ့ရာ မိတ္ထီလာမြို့တွင်းရှိ မိတ္ထီလာကန် ကူးတံတားသို့ ရောက်ရှိပြီး တံတားလက်ရမ်းများ ဆေးသုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့ရှိ လမ်းဦးစီးဌာန ဧည့်ရိပ်သာသို့ ရောက်ရှိပြီး B.O.T စနစ်ဖြင့် ဆောက်ရွက်နေသော ကုမ္ပဏီ(၅)ခုမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိတ္ထီလာ-သာစည်-တောင်ကြီးလမ်း၊ မိတ္ထီလာ-မလှိုင်-မြင်းခြံလမ်းနှင့် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတို့အား မြို့တွင်းလမ်းအပိုင်းတွင် လမ်းပေါ်ဖြတ်သန်း သွားလာသောယာဉ်များအား လွယ်ကူရှင်းလင်းစွာ ဖြတ်သန်းသွားလာနိုင်သော လမ်း အလယ်မျဉ်း Road Line များအား အမြန်ဆုံး ရေးဆွဲရန်နှင့် လမ်းဘေးဝဲယာ ခြုံနွယ်များအား ရှင်းလင်း ဖယ်ရှားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)