နေပြည်တော် ဒီဇင်ဘာ ၂၁
ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတစ်ရပ်၏ ပြယုဂ်-ခေါင်းဆောင်မှု အရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယနေ့နံနက် ၁၀ နာရီက ရုံးအမှတ် (၁၇) စုပေါင်းခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူး ဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ က ယနေ့ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လုပ်ဆောင်တတ်သည့် လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ပါဝင်ဆွေးနွေးကြမည့် အရာထမ်းများအနေဖြင့်လည်း ပိုမို ကောင်းမွန်သည်ထက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ထိုမှ တစ်ဆင့် အဖွဲ့အစည်းတစ်ခုလုံး၏ အရည်အသွေးတိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပိုမိုပြည့်စုံသည့် နည်းလမ်းများကို ဖော်ထုတ်နိုင်မည်ဟု ထင်မြင်မိပါကြောင်း၊ ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အဖွဲ့အစည်းနှင့် နိုင်ငံတော်အတွက် ဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်သည့်အတွက် အမြော်အမြင်၊ အတတ်ပညာနှင့် ပြည့်စုံသည့် ဝန်ထမ်းများ မွေးထုတ်နိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကျင့်ဝတ်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကိုလည်း လိုက်နာ၍ စွဲမြဲမှတ်သားစွာ သိရှိနိုင်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ထမ်းများ အနေဖြင့် တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီလိုက်ပါ ဆောင်ရွက်နိုင်ရေး အားထုတ် ကြိုးပမ်းကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ခေါင်းစဉ်အလိုက်ဆွေးနွေး
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို (၃)ကြိမ်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ယခုကျင်းပသည့် ပထမအကြိမ် ဆွေးနွေးပွဲသည် ဝန်ထမ်းတစ်ဦးချင်းစီအလိုက် အရည်အသွေးနှင့် စွမ်းဆောင်ရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲပထမနေ့တွင် “လူတစ်ဦးချင်းစီ၏ အပြုအမူ၊ ပင်ကိုစရိုက်နှင့် တန်ဖိုးများ” ခေါင်းစဉ်၊ “လုပ်ငန်းခွင်ဆိုင်ရာ ခံစားချက်၊ စိတ်နေသဘောထားနှင့် စိတ်ဖိစီးမှု” ခေါင်းစဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆုချီးမြှင့်ပေးသွားမည်
အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် “လုပ်ငန်းခွင်အတွင်း စိတ်အားထက်သန်မှု လှုံ့ဆော် မြှင့်တင်ခြင်း၏အခြေခံအုတ်မြစ်” ခေါင်းစဉ်နှင့် “ဆုံးဖြတ်ချက်ချခြင်းနှင့် ဖန်တီးနိုင်စွမ်း” ခေါင်းစဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့တွင် ပထမနေ့နှင့် ဒုတိယနေ့များတွင် ဆွေးနွေးခဲ့သည့် ခေါင်းစဉ်အလိုက် စုဖွဲ့၍ ဆွေးနွေးခြင်း၊ ယင်းဆွေးနွေးမှု ရလဒ်များကို ပြန်လည်တင်ပြခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေး တင်ပြခဲ့သည့်အပေါ် တစ်ဦးချင်းအလိုက်၊ အုပ်စုအလိုက် ဆုချီးမြှင့်ပေးအပ်ခြင်းများ ပြုလုပ်သွား မည်ဖြစ်သည်။ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၂ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်သော ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကာလမှာ ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိဖြစ်ကာ အရာထမ်း၊ အမှုထမ်း ၆၆ဦးတို့က သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်