နေပြည်တော် ဒီဇင်ဘာ ၂၁
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေသစ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို စီမံချက်များရေးဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိမှု ကိန်းဂဏန်းများ နှစ်စဉ်များပြားနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူး စစ်ဆင်ရေးများကို ယနေ့အချိန်ထိ(၃၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု နှစ်စဉ်ကျဆင်းလျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် ဟက်တာ ၃၃၁၀၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဟက်တာ ၂၉၅၀၀ အထိ ကျဆင်းခဲ့ပြီး ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ၅၀၈ မက်ထရစ်တန်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၄၀၅ မက်ထရစ်တန်ထိ ကျဆင်းခဲ့ကြောင်း။
တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီး ဌာနတို့က အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ဘိန်း ၂ ဒသမ ၂ တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၄ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ ဒသမ ၃ သန်းကျော်၊ အိုက် ၁၃ ဒသမ ၅ တန်ကျော်၊ ကတ်တမင်း ၇၆၂ ကီလိုအပါအဝင် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၉၄၇ ဘီလီယံ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း။
မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချနိုင်ရန် ဓာတုပစ္စည်းများ ထိန်းချုပ်ရေးကဏ္ဍသည် အဓိက ကျသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများ နယ်စပ်ဒေသမှဝင်ရောက်လာမှုကို တားမြစ် ထိန်းချုပ်နိုင်ရေးသည် ပိုမိုအရေးကြီးလာကြောင်း။
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါ သက်ရောက်မှုများကြောင့် ပြောင်းလဲလာသည့် မူးယစ်ဆေးဝါးဈေးကွက်၊ သုံးစွဲမှုပုံစံ၊ ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုတို့အပေါ် စနစ်တကျသုံးသပ်ပြီး သက်ဆိုင်သည့် ကဏ္ဍများအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ကိုယ်စီတာဝန်ရှိသည်ဟူသော အသိဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်က မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကြိုးပမ်းချက်အပေါ် သုံးသပ်တင်ပြပြီး တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုအဖွဲ့ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက် ချက်များနှင့် ပတ်သက်၍ လိုအပ်ချက်၊ အကြံပြု ချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
(သတင်းစဉ်)