နေပြည်တော် ဒီဇင်ဘာ ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ကျောက်ဖြူမြို့သို့ ရောက်ရှိကြရာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပြည်နယ်အစိုးရ ဧည့်ရိပ်သာ၌ ကျောက်တစ်လုံး IDP စခန်းဖွင့်လှစ် ထားရှိမှု၊ ပြောင်းရွှေ့ဆောက်လုပ်မည့် အခြေအနေ တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြောင်းရွှေ့နေရာချထားမည့်မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ဌာနဆိုင်ရာများ၏ တင်ပြချက်၊ စခန်းနေသူများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး စခန်းနေသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ထို့နောက် အမ်းမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိကာ ဝန်ထမ်းများ၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး သင်တန်း ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် တိုက်ပွဲရှောင်စခန်းနေ ပြည်သူများနှင့် အမ်းမြို့ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ တွေ့ဆုံပြီး လတ်တလောဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က ယာယီခိုလှုံရာ စခန်း ၃ ခု၊ စုရပ် ၄ ခုရှိ စုစုပေါင်းအိမ်ထောင်စု ၆၈၉ စု၊ လူဦးရေ ၃၁၉၈ ဦးတို့အတွက် ၁ လစာ ထောက်ပံ့ဆန် ၉၉၉ အိတ်ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ပဲပဒုံ တိုက်ပွဲရှောင်စခန်းနေ ပြည်သူ များအား သွားရောက်တွေ့ဆုံပြီး မိမိနေရပ်သို့ အမြန်ဆုံး ပြန်လည်အခြေချနိုင်ရေးအတွက် လိုအပ်ချက်ရှိသည်များကို အကောင်းဆုံးထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမ်းမြို့နယ်၊ အမ်းတောင်ကျေးရွာအုပ်စုရှိ တိုက်ပွဲရှောင်စခန်း တည်ဆောက် ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တောင်ကုတ်မြို့ရှိ ရွှေမေတ္တာဘိုးဘွားရိပ်သာနှင့် မဟော်သဓာအခမဲ့ကိုယ်ပိုင် အထက်တန်းကျောင်းများသို့ ရောက်ရှိပြီး အဘိုးအဘွား ၄၁ ဦးအတွက် လှူဒါန်းငွေများ၊ ကျောင်းသူ/ ကျောင်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် သံတွဲမြို့သို့ရောက်ရှိ ရွှေဆံတော် စေတီရင်ပြင်ပေါ်၌ ဓမ္မာရုံသစ်တည်ဆောက် ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် သံတွဲမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းတည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ နှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာအမျိုးသားအဆင့်ကော်မတီများအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေး သည်။
၂၀၂၁ ခုနှစ်၊ ဧပြီလမှ ယနေ့အထိ နယ်မြေတည်ငြိမ်အေးချမ်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းနေ တိုင်းရင်းသား အိမ်ထောင်စု ၃၈၅၈ စု၊ လူဦးရေ ၁၆၇၁၇ ဦးတို့ကို မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာများအတွက် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)