Skip to main content

စံချိန်စံညွှန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၂၁

မြန်မာနိုင်ငံ၏ အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးအတွက် စံချိန်စံညွှန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌  ကျင်းပသည်။

ဆွေးနွေးပွဲသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီ (၂၅)ခုမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊  သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။       

ဆွေးနွေးပွဲတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက စံချိန်စံညွှန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူ ဆောင်ရွက်နေသည့် နည်းပညာဆပ်ကော်မတီ၏ စံချိန်စံညွှန်းချမှတ်ခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်နိုင်ရန်၊ ကော်မတီအဆင့်ဆွေးနွေးလျက်ရှိသည့် မြန်မာစံချိန်စံညွှန်း (မူကြမ်း) များကို နောက်ဆုံးမူကြမ်း ရရှိအောင် ဆောင်ရွက်ရန်၊  မိမိနိုင်ငံမှ ထုတ်လုပ်သော ပစ္စည်းများနှင့် တင်သွင်းလာသည့် ပစ္စည်းများကို စံချိန်စံညွှန်းများနှင့် အရည်အသွေး ကိုက်ညီစွာ စစ်ဆေးနိုင်ရန်အတွက် ဓာတ်ခွဲခန်းများ၊ စစ်ဆေးသည့်အဖွဲ့အစည်းများကို အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုရရှိရန်အတွက် အဆင့်မြှင့်တင်ရန်၊  စားသုံးသူ၊ သုံးစွဲသူများဘေးအန္တရာယ် ကင်းရှင်းလုံခြုံစိတ်ချရပြီး ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများကို လျှော့ချနိုင်ရန်အတွက် စံချိန်စံညွှန်းများ ချမှတ်သုံးစွဲနိုင်မည့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်  သက်ဆိုင်ရာ နည်းပညာဆပ်ကော်မတီဥက္ကဋ္ဌများက မြန်မာစံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် နည်းပညာဆပ်ကော်မတီအလိုက် ဦးစားပေး စံချိန်စံညွှန်းများကို ဆက်လက်ချမှတ်နိုင်ရန်၊ မြန်မာစံချိန်စံညွှန်းများကို အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အာဆီယံစံချိန်စံညွှန်းများနှင့် တစ်ပြေးညီ စံချိန်စံညွှန်းများချ မှတ်နိုင်ရန်၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ စစ်ဆေးပေးနိုင်မည့် အသိအမှတ်ပြု ဓာတ်ခွဲခန်း များ ပေါ်ထွန်းလာရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်၊ သုံးစွဲသူများဘေးကင်း လုံခြုံမှု အတွက် မြန်မာစံချိန်စံညွှန်းများအား အသုံးပြုမှု မြှင့်တင်နိုင်ရန်နှင့် ပို့ကုန်တိုးမြင့်ရေးကို အထောက်အကူ ပြုနိုင်ရန် Certification Body များ တည်ထောင်သွားရန်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး အပြန်အလှန်အမျိုးသား စံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)