Skip to main content

၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ ပဥ္စမနေ့ဆက်လက်ကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၂၁

၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) ပဥ္စမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း ပြသထားသည့် ကျောက်စိမ်းအတွဲ များကိုလည်းကောင်း၊ ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကိုလည်းကောင်း လွတ်လပ်စွာ စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ပြပွဲ စတုတ္တနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၂၅၁) မှ (၅၀၀) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၁၉၅တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာပြီး ယနေ့ပြပွဲ ပဥ္စမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၅၀၁) မှ (၇၈၀) အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးခဲ့ရာ ပြည်တွင်း/ပြည်ပရတနာ ကုန်သည်များက ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှုစစ်ဆေးကြ ပြီးဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ကျောက်စိမ်းအတွဲအမှတ် (၅၀၁) မှ (၇၈၀)အထိ တင်သွင်းထားသည့် ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ် ဆေးကာ ဒီဇင်ဘာ ၂၂ ရက်တွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည် ဖြစ်ကြောင်းသိရသည်။

မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၇၈၀ကို ပြည်တွင်း/ ပြည်ပ ရတနာကုန်သည်များ စိတ်ကြိုက်လေ့လာဝယ်ယူနိုင်စေရန် ခင်းကျင်းပြသပေးခဲ့ပြီး  ပြပွဲ ဒုတိယနေ့မှ စတင်၍ ပုလဲအတွဲ အမှတ် (၁) မှ (၂၂၀) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၀ ကိုလည်းကောင်း၊ တတိယနေ့တွင် ပုလဲအတွဲအမှတ် (၂၂၁) မှ (၃၃၀) အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၁၁၀ နှင့် ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၂၅၀) အထိရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၁၉၉ တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 သတင်း - အေးအေးဝင်း

ဓာတ်ပုံ - ကိုကိုနော်