နေပြည်တော် ဒီဇင်ဘာ ၁၉
ကချင်ပြည်နယ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (၁၂)ကြိမ်မြောက် နှစ်နှစ်တာ ပုံမှန်သင်တန်း ဖွင့်ပွဲကို ယမန်နေ့က အဆိုပါကျောင်းထိုင်ဘုန်ကြီး သင်တန်းကျောင်းရှိ ဓမ္မဗိမာန်တော်၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ခေမာသီဝံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာစရာ ဘိဝံသ ထံမှ ရှစ်ပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူ ကြသည်။
ထို့နောက် ကျောင်းကြီးကြပ်ရေးနာယကအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တကေတုမာလာက ဩဝါဒကထာ မြွက်ကြားပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဝါသဝက သင်တန်းကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားသည်။
ဆက်လက်၍ ကျောင်းဥပတ္ထမ္ဘကအဖွဲ့ အတွင်းရေးမှူး ပြည်နယ်သာသနာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးက သင်တန်းကျောင်း အုပ်ချုပ်ထောက်ပံ့မှု ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်း လျှောက်ထားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းကြီးကြပ်ရေး နာယကအဖွဲ့ဝင် ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်