ရန်ကုန် ဒီဇင်ဘာ ၁၉
“ကိုဗစ် - ၁၉ ကပ်ရောဂါ လက်တွဲညီညာ တိုက်ဖျက်ပါ” ပညာရှင်အဆင့်နှင့် “ကိုဗစ်-၁၉ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ဝါသနာရှင်အဆင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဓာတ်ပုံပြိုင်ပွဲ အကဲဖြတ်အဖွဲ့ဝင်များ၊ ဓာတ်ပုံပညာရှင် များနှင့် ဆုရရှိသူများ တက်ရောက်ကြသည်။
ဖော်ညွှန်းရိုက်ကူးထား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကိုဗစ်-၁၉ ကပ် ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်တွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန်၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပြည်သူအသိပညာပေး လုပ်ငန်းများကို ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်စေရန်နှင့် စနစ်တကျ မှတ်တမ်းတင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ “ကိုဗစ်-၁၉ ကပ်ရောဂါ လက်တွဲ ညီညာတိုက်ဖျက်ပါ” နှင့် “ကိုဗစ်၁၉ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်များဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ပညာရှင် အဆင့်နှင့် ဝါသနာရှင် အဆင့်ဟူ၍ ယှဉ်ပြိုင်စေခဲ့ပါကြောင်း။
အဆိုပါ ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးကျိုးများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်နေမှုများ၊ အသိပညာပေး ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပါဝင်ကူညီ ဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှု စသည့် အကြောင်းအရာများကို ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါကြောင်း။
ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် နိုင်ငံ့အကျိုးပြုနှင့် ပြည်သူ့အကျိုးပြု ဖိတ်ခေါ်ရောင်စုံ ဓာတ်ပုံပြိုင်ပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ်ဖြင့် နှစ်စဉ်ပုံမှန် ကျင်းပပြုလုပ်ပြီး ဓာတ်ပုံပညာရှင်များ ပေါ်ထွက်လာစေရန် ရိုက်ကူးယှဉ်ပြိုင်စေခဲ့ပါကြောင်း၊ ထိုသို့ရိုက်ကူးယှဉ်ပြိုင်ကြသည့် ဓာတ်ပုံများကို ဖော်ကျူး ပြသနိုင်မှုဖြင့် ပြည်သူလူထုအတွင်း ကပ်ရောဂါ၏ ဆိုးကျိုးများကို ပိုမိုသိမြင်လာပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် များတွင် ပိုမိုပူးပေါင်းပါဝင် လုပ်ဆောင်လာကြမည် ဖြစ်ပါကြောင်း၊ ရောဂါ စိန်ခေါ်မှုများ မည်သို့ပင်ရှိရှိ၊ အခက်အခဲ အတားအဆီးများကို ပြည်သူများအနေဖြင့် ဖြတ်သန်းကျော်လွှားနိုင်ကြမည်၊ တိုက်ဖျက်နိုင်ကြမည်ဆိုသည့် စိတ်အားတက်ကြွမှုများ စိမ့်ဝင်ပျံ့နှံ့လာမည်ဟု ထင်မြင်မိပါကြောင်း။
လိုက်နာဆောင်ရွက် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံများတွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ရာ ပေါ့ဆ၍မရဘဲထပ်မံ ကူးစက်မှု မရှိစေရန် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆောင်ရွက်နေမှုကို အားလုံးသိရှိမည်ဖြစ်ပြီး ကာကွယ်ကုသခြင်း ကဏ္ဍကို ကျေးလက်နေပြည်သူများနှင့် ရဟန်သံဃာတော်များပါ မကျန် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံမှုကို အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ အသက် (၁၂) နှစ်အထက်
ကျောင်းသား ကျောင်းသူများကိုလည်း ရောဂါကာကွယ်ဆေးထိုးနှံ ပေးရာတွင် အတိုင်းအတာတစ်ခု အထိ ထိုးနှံပေးပြီးဖြစ်၍ ဒီဇင်ဘာလအတွင်း နိုင်ငံ့လူဦးရေ၏ (၅၀)ရာခိုင်နှုန်းကျော်ကိုကာကွယ် ဆေးအပြည့်အဝထိုးနှံပေးနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အစောပိုင်းကာလများဖြစ်သည့် ဇူလိုင်လတွင် ရောဂါကြောင့် သေဆုံးနှုန်းမြင့်တက်ခဲ့ပြီး ယခုအချိန်၌ ရောဂါကူးစက်နှုန်း လျော့ကျလာသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း။
နိုင်ငံအချို့တွင် သေဆုံးနှုန်း များလာသော ယခုလိုအချိန်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း လျော့ကျလာခြင်းသည် ကိုဗစ်ရောဂါကို ကြိုတင် ကာကွယ်နိုင်ရန် ပြည်သူအားလုံး ပူးပေါင်းပါဝင်ခဲ့သည့် အကျိုးကျေးဇူးကြောင့်ဖြစ်ပြီး ဆက်လက်၍ မိမိတို့အားလုံး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဤအချိန်တွင် ယခုကဲ့သို့ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်းသည် လွန်စွာပင် သင့်လျော်သော ရည်ရွယ်ချက်ပါရှိသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ဓာတ်ပုံများကို ဓာတ်ပုံပညာရှင် ကြီးများနှင့် အကဲဖြတ် အဖွဲ့ဝင်များက သတ်မှတ်ထားသော ရည်ရွယ်ချက်၊ စည်းကမ်းချက်များ နှင့်အညီ အကဲဖြတ်စိစစ်ပြီး ဆုရဓာတ်ပုံများအဖြစ် စနစ်တကျ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲတွင် ဆုရ ဓာတ်ပုံများနှင့် ပြိုင်ပွဲဝင်များ၏ ရိုက်ကူးပုံဖော်ထားသော ဓာတ်ပုံကောင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းဆောင်ရွက်ချက်များတွင် လိုအပ်သလို ဖော်ထုတ်ပြသပေး သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံ ပညာရှင်၊ ဝါသနာရှင်များအနေဖြင့် မိမိတို့၏လက်ရာ ဓာတ်ပုံများကို ပြည်သူများ ကြည့်ရှုခံစားနိုင်မည်ဖြစ်ရာ ပြိုင်ပွဲဝင်များအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်အတွက် အကျိုးပြုသူများအဖြစ် ဂုဏ်ယူနိုင်ကြမည်ဖြစ်ပါကြောင်း။
ဝိုင်းဝန်းကူညီပေးခဲ့ကြ
ယနေ့ ကျင်းပပြုလုပ်သော “ကိုဗစ်-၁၉ ကပ်ရောဂါ လက်တွဲညီညာ တိုက်ဖျက်ပါ”နှင့် “ကိုဗစ်-၁၉ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် ဓာတ်ပုံပညာရှင်ကြီးများနှင့် အကဲဖြတ်အဖွဲ့ဝင်များ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ နောင်ကျင်းပမည့် ပွဲများတွင်လည်း ယခုကဲ့သို့ ဝိုင်းဝန်းပံ့ပိုး ကူညီပေးရန် မေတ္တာရပ်ခံပါကြောင်းနှင့် ဓာတ်ပုံပညာရှင်နှင့် ဝါသနာရှင်များအနေဖြင့် နောင် ဆက်လက်ကျင်းပမည့် ပြိုင်ပွဲများတွင်လည်း ယခုထက် ပိုမိုအနှစ်သာရပြည့်ဝသော ဓာတ်ပုံများနှင့် နိုင်ငံအကျိုးပြု ဓာတ်ပုံများကို ရိုက်ကူးပုံဖော် ပါဝင်ယှဉ်ပြိုင်ကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ရန်ကုန်မြို့၌ ထိခိုက်မှုကြီးမားခဲ့ပါကြောင်း၊ ယင်းအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးတွင် ဆေးကုသရန်အတွက် ခုတင်တစ်လုံးရရှိရန်ပင် ခက်ခဲခဲ့ပါကြောင်း၊ သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် တစ်ဦးနှင့် တစ်ဦး မေတ္တာထားကာ ဆေးဝါးနှင့် အထောက်အကူပစ္စည်းများ မျှဝေပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကို မိမိတို့အနေဖြင့် အချိန်မီ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ယခုဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇသစ်သည် ကူးစက်မှုမြန်ဆန်သည့်အတွက် ပြည်သူများ အထူးဂရုစိုက်ရန် သတိပေးလိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလတွင် ရန်ကုန်တိုင်းဒေသကြီး၌ တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကို ဦးစွာဆောင်ရွက်ခဲ့ ရပါကြောင်း၊ သို့မှသာ ပြည်သူများ၏စားဝတ်နေရေး အဆင်ပြေမည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင် လူဦးရေသိပ်သည်းမှု များပြားသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရသည့်ပမာဏ များပြားပါကြောင်း၊ အထူးသဖြင့် ကိုဗစ်ရောဂါ ဖြစ်ပွားမှုကာလတွင် ပြည်သူများ၏ ကျန်းမာရေးအတွက် စွန့်စားဆောင်ရွက်ခဲ့ကြသည့် ပရဟိတသူရဲကောင်းများ၊ စေတနာရှင်ပြည်သူများ၏ လုပ်ဆောင်ခဲ့မှုများကို အသိအမှတ်ပြု မှတ်တမ်းတင်ရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လမှ ဩဂုတ်လထိ ကာလသည် ကူးစက်မှု အများဆုံးဖြစ်ခဲ့ပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ၇ ဒသမ၈ သန်းခန့်ရှိပြီး ကုသရေးစင်တာ ၁၇ ခု ဖွင့်လှစ် ထားရှိပါကြောင်း၊ သံဃာတော်များနှင့် သီလရှင်များအား တပ်မတော်ဆေးတပ်ဖွဲ့၏ အကူအညီဖြင့် ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို အချိန်တို အတွင်း ကာကွယ်ထိန်းချုပ်နိုင်ခဲ့သည့် အဓိကအကြောင်းရင်းများမှာ ပြည်သူများ၏ ပူးပေါင်းကူညီမှု မြင့်မားခဲ့ခြင်းနှင့် ကာကွယ်ဆေးများ အချိန်မီထိုးနှံ ဆောင်ရွက် ပေးနိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆုများပေးအပ်ချီးမြှင့် ထို့နောက် ပြိုင်ပွဲဝင်ဆုရ ဓာတ်ပုံများ ရွေးချယ်မှုနှင့် ပတ်သက်၍ ဆုရွေးချယ်စိစစ်ရေး ဥက္ကဋ္ဌ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြိုင်ပွဲဝင်ဓာတ်ပုံများအပေါ် စိစစ် အကဲဖြတ်ရွေးချယ်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပညာရှင်အဆင့် ဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ဝါသနာရှင်အဆင့် ဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် တို့က အထူးဆုရရှိသူများအား လည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် ဆုရရှိသူများ ကိုယ်စားဆုရရှိသူ ဦးစိုင်းထွန်း နေလှိုင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဆုရရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
သတင်းစဉ်