Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ကော်မတီအဖွဲ့ဝင်များ ရခိုင်ပြည်နယ် အတွင်းရှိ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ပြန်လည်လက်ခံရေးစခန်းများအား ကွင်းဆင်းကြည့်ရှုပြီး နေရပ်စွန့်ခွာသူများကို တွေ့ဆုံ ထောက်ပံ့

နေပြည်တော် ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁)၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့သည် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပေါက်တော မြို့နယ်၊ ကြိမ်နီပြင် IDP စခန်းသို့ ရောက်ရှိပြီး IDP စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ်များကို တွေ့ဆုံအမှာစကား ပြောကြားကာ တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်းဆောင်ရွက်ပေးသည်။

ထို့နောက် ကြိမ်နီပြင် IDP စခန်းအတွင်း နေထိုင်သူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှုနှင့် ဒေသန္တရ ဆေးပေးခန်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် စစ်တွေမြို့၊ သက္ကယ်ပြင် IDP စခန်းနှင့် မင်းဂံရပ်ကွက် ဥဿလင်း ဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်၍ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံကာ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်နေရာ ချထားရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ဥဿလင်းကျောင်းထိုင် ဆရာတော်အား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၁-၂၀၂၂ (၆) လ ဘဏ္ဍာရေးကာလ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်း-ဇော်မတက်- ချောင်းနွယ်လမ်းဆုံအထိ ကွန်ကရစ်လမ်း ၁ မိုင် ၁ ဖာလုံ ဆောင်ရွက်နေမှု၊ ပေ ၁၅၀ အရှည် ဇော်မတက် ချောင်းကူးတံတား တည်ဆောက်ပြီးစီးမှုနှင့် စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးသင် ပညာရေးကျောင်း RC ၃ ထပ် ကျောင်းဆောင် ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိပြီး စခန်းတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စခန်းတာဝန်ခံက ရှင်းလင်းတင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ရှင်းလင်းဖြည့်စွက် မှာကြားကာ ထောက်ပံ့ငွေများပေးအပ်၍ ပြန်လည်လက်ခံရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ငါးခူရပြန်လည်လက်ခံရေး စခန်းသို့  ရောက်ရှိခဲ့ကြပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းမှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက်  လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိရာ ပြန်လည်လက်ခံရေး လုပ်ငန်းများ နှင့်စပ်လျဉ်း၍ စခန်းတာဝန်ခံ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို ရှင်းလင်း ဖြည့်စွက် မှာကြားခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ကာ ပြန်လည်လက်ခံရေး စခန်းကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့မှ ပလက်ဝမြို့သို့ ရောက်ရှိကြပြီး ကီမိုခန်းမတွင် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ယဉ်ကျေးမှု အဖွဲ့များ၊ တိုက်ပွဲရှောင်စခန်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ဒေသတည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းကာ မူလနေရပ်အသီးသီးသို့ ပြန်လည်နေထိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများက တိုက်ပွဲရှောင်များ နှင့် သဘာဝဘေးဆိုင်ရာ ကိစ္စရပ်များအတွက်  ထောက်ပံ့မှုများ ပေးအပ်ကြသည်။ ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပလက်ဝမြို့  နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံ၍ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် မြောက်ဦးမြို့နယ် တိမ်ညို ကျေးရွာ တိုက်ပွဲရှောင် စခန်းသို့ ရောက်ရှိ၍  တိုက်ပွဲရှောင် စခန်းနေပြည်သူများ၊ မိသားစုဝင်များနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးများက အမှာစကား ပြောကြားကြသည်။ ထို့နောက် တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား/ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ ၄၀၀ နှင့် ကျောင်းသုံးဗလာစာအုပ်  ဒါဇင် ၄၀၀ ကို လည်းကောင်း၊ တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု ၇၇၃ စု လူဦးရေ ၂၈၆၂ဦးတို့အတွက် ၁ လစာ ဆန် ၈၉၄ အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာတွင် ပြန်လည်နေထိုင်ကြသည့် ပြည်သူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာအဝင်လမ်း ၄ ဖာလုံကို မြေသားတာဘောင်တိုးချဲ့ခြင်း ဆောင်ရွက်နေမှု၊ ကျေးရွာဘုန်းကြီးကျောင်း ၆၀x၄၈ ပေ RC ၂ ထပ် ဆောက်လုပ်နေမှုနှင့် နေအိမ် ၃၂၃လုံး ပြုပြင်ဆောက်လုပ်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ ကျေးရွာနေ ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)