နေပြည်တော် ဒီဇင်ဘာ ၁၉
၂၀၂၁ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) တတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ပြသထားသည့် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများကိုလည်းကောင်း၊ ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကိုလည်းကောင်း စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။
ပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲအမှတ် (၁ မှ ၂၂၀) အထိ အိတ်ဖွင့်တင်ဒါစနစ် ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၀ ရောင်းချနိုင်ခဲ့ပြီး ယနေ့ပြပွဲတွင် ပုလဲအတွဲ အမှတ် (၂၂၁ မှ ၃၃၀) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များက စိတ်ကြိုက် လေ့လာကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ပုလဲအတွဲ အမှတ်(၂၂၁ မှ ၃၃၀)အထိ တင်သွင်းထားသည့် ဈေးနှုန်းတင် သွင်းလွှာများကို တာဝန်ရှိသူများက စနစ်တကျ ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၁၀ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။
ဆက်လက်၍ ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၂၅၀)အထိ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးခဲ့ရာ ရတနာကုန်သည်များက ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ကျောက်စိမ်းအတွဲအမှတ်(၁) မှ (၂၅၀)အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာ များကို တာဝန်ရှိသူများက မွန်းလွဲ ၃နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ ဒီဇင်ဘာ ၂၀ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့် ပြပွဲဗဟိုကော်မတီဝင်များသည် မဏိရတနာကျောက်စိမ်းခန်းမ မြေညီထပ်၌ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။
ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၇၈၀ ကို ခင်းကျင်းပြသပေးလျက်ရှိရာ ဒီဇင်ဘာ ၂၀ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၂၅၁) မှ (၅၀၀)အထိကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် (၅၀၁) မှ (၇၈၀)အထိကိုလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း/ ပြည်ပရတနာ ကုန်သည်များကို ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ရဲနိုင်ဝင်း
ဓာတ်ပုံ - ကိုကိုကျော်