Skip to main content

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၈

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံ ဆောင်ရွက် ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၉ ဦးနှင့် အမျိုးသမီး ၁၁၉ ဦး၊ စုစုပေါင်း ၂၄၈ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၉ ဦး တို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၆၅ ဦး၊ စုစုပေါင်း ၂၀၃ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။

ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ် ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ် ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိ သူများအားသက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကိုအဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်